ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ

  • 12 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် MOFA Myanmar
Image caption မစ္စတာ ဘောရစ်ဂျွန်ဆင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို လန်ကက်စတာအိမ်တော်မှာ တွေ့ရစဉ်

ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်နဲ့ လန်ဒန်မြို့ လန်ခက်စတာ အိမ်တော်မှာ တွေ့ဆုံပြီး မြန်မာအစိုးရသစ်အတွက် ဦးစားပေးလုပ်စရာတွေ၊ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဘောရစ် ဂျွန်ဆင်တို့ ၂ဦးဟာ ပင်လုံငြိမ်းချမ်းရေး ညီလာခံနဲ့ နိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်တွေအတွက်လည်း ဆွေးနွေးခဲ့ကြပြီး မစ္စတာ ဂျွန်ဆင်က နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာတာနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွက် ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင် ဖွဲ့နိုင်ခဲ့တာကို ကြိုဆိုခဲ့ပါတယ်။

မစ္စတာ ဘောရစ်ဂျွန်ဆင်က ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဆက်ပြီး အားပေးနေတဲ့ အကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေကို ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယနိုင်ငံများရေးရာ ဌာနက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ မတွေ့ခင်မှာ ဗြိတိသျှပါလီမန် အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘာခိုးနဲ့ တွေ့ဆုံခဲ့ပါတယ်။

မနက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်မှာရှိတဲ့ တော်ဝင်ကာကွယ်ရေးပညာ ကောလိပ် Royal College of Defence Studies မှာ တက်ရောက်နေတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီး ဦးအောင်မြင့်ဦးနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကော်မရှင် အထောက်အကူပြုအဖွဲ့က ဦးမိုးဇော်ဦးတို့အပါအဝင် ကောလိပ်ကျောင်းရဲ့ အုပ်ချုပ်သူများ၊ သင်တန်းသားများနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း မြန်မာသံရုံးရှေ့မှာ ကြိုဆိုကြတဲ့ မြန်မာနိုင်ငံသားတွေရှိခဲ့သလို ဒီကနေ့မှာတော့ မြန်မာနိုင်ငံသား မူဆလင်တွေ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနိုင်မယ့် နိုင်ငံသားစီစစ်ရေးကဒ် အန်ဗီစီနဲ့ မှတ်ပုံတင်ရမယ့် ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ မူဆလင်များ အစည်းအရုံးက ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးဖို့အတွက် မြန်မာသံရုံးရှေ့မှာ ဆန္ဒပြနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ