အတိုင်ပင်ခံ ပုဂ္ဂိုလ် အမေရိကန်ဆီ ခရီးဆက်တော့မယ်

  • 12 စက်တင်ဘာ 2016
dassk_usa_trip
Image caption ဒေါ်အောင်ဆန်းစုကြည် ဗြိတိန် ပါလီမန်ကို သွားရောက်ခဲ့။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဗြိတိန် ကနေ အမေရိကန် ပြည်ထောင်စု ဆီ စက်တင်ဘာ ၁၃ ရက် အင်္ဂါ နေ့မှာ ခရီးဆက်ဖို့ ရှိနေပါတယ်။

သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားချက် နဲ့ အမေရိကန် ပြည်ထောင်စု ကို သွားရောက် မယ့် ဒေါ်အောင်ဆန်းစု ကြည်ဟာ သမ္မတ အိုဘားမား အပါအဝင် အမေရိကန် ထိပ်တန်း ခေါင်းဆောင် တွေ နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံ မှာ ဖြစ်သလို၊ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာလည်း တက်ရောက် မိန့်ခွန်း ပြောမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေရိကန် ခရီးစဉ် အတွင်း မြန်မာ နိုင်ငံပေါ် ချမှတ် ထားဆဲ လက်ကျန် စီးပွားရေး ကန့်သတ် ပိတ်ဆို့မှု တချို့ကို အမေရိကန် က ဖြေလျှော့ ပေးလာ နိုင်တယ် ဆိုတဲ့ ခန့်မှန်းချက် တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေပါတယ်။

အဲဒီလို ဖြေလျှော့ဖို့ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် က လက်တွေ့ အရ ဦးဆောင်မှု ပေးနေတဲ့ မြန်မာ အစိုးရသစ် အနေနဲ့ မြန်မာ ပြည်သူတွေ အားလုံး အပေါ် ဒီမိုကရေစီ နည်းကျ အခွင့်အလမ်း တွေ အားလုံး ဖန်တီး ပေး နိုင်ဖို့ လိုတယ် လို့ အမေရိကန် အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ဘဲန် ရုဒ် ကို ကိုးကားပြီး သတင်းတွေ က ရေးသား နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခု တစ်ခေါက် ဗြိတိန်နဲ့ အမေရိကန် ပြည်ပ ခရီးစဉ် ထွက်လာ ချိန်မှာပဲ ပြည်တွင်းမှာ ရခိုင်ပြည်နယ် ရေးရာ ကော်မရှင် ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ ပေါ်ပေါက် ခဲ့သလို၊ လန်ဒန် မြို့ မြန်မာ သံရုံး ရှေ့ မှာလည်း မြန်မာ နိုင်ငံ ထဲ က မွတ်ဆလင်မ် တွေကို NVC လို့ ခေါ်တဲ့ အစိမ်းရောက် သက်သေခံ ကတ်ပြားတွေ ထုတ် မပေးဖို့ မွတ်ဆလင်မ် အသိုင်းအဝိုင်း က ဆန္ဒပြ ခဲ့ ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒိမိုကရေစီ ပြုပြင် ပြောင်းလဲရေး တွေကနေ စီးပွားရေး အရ အခွင့်အလမ်းသစ် တွေ ရရှိ လာနိုင် ကြောင်း မြန်မာ ပြည်သူ တွေ ကို ပြသဖို့ ကြိုးစား နေရချိန် မှာပဲ၊ တစ်ဘက်မှာလည်း မြန်မာ့ နိုင်ငံရေးမှာ အင်အား ကြီးမား လွှမ်းမိုး ထားနိုင်ဆဲ စစ်တပ်ကို ပြုပြင် ပြောင်းလဲရေး တွေ ပိုမို လုပ်ဆောင် လာဖို့ ဆက်လက် သိမ်းသွင်း နေရဆဲ ဖြစ်တယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ