ဗြိတိန်နဲ့ မြန်မာ အမျိုးသမီး ခေါင်းဆောင်နှစ်ဦး ပထမဆုံးတွေ့ဆုံ

  • 13 စက်တင်ဘာ 2016
Daw Aung San Suu Kyi and Theresa May ဓာတ်ပုံ မူပိုင် Reuters
Image caption အမျိုးသမီး ခေါင်းဆောင် နှစ်ယောက် ပထမဆုံးတွေ့ပြီး နှစ်နိုင်ငံအရေး ဆွေးနွေး

ဗြိတိန်နိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ အမေရိကန်ကို မထွက်ခွာခင် စက်တင်ဘာလ ၁၃ ရက်နေ့ မနက်က ဝန်ကြီးချုပ် ထရီဇာမေနဲ့ ဝန်ကြီးချုပ် နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ ထရီဇာမေ ဝန်ကြီးချုပ်ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်လည်း မြန်မာ ခေါင်းဆောင်ဖြစ်လာပြီးနောက် ပထမဆုံး တွေ့ဆုံကြတာ ဖြစ်ပါတယ်။

အမျိုးသမီး ခေါင်းဆောင် နှစ်ယောက် တွေ့ဆုံရာမှာ တွေ့ဆုံချိန်မှာ မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အတွက် ဗြိတိန်က အကူအညီပေးမယ့် အကြောင်း၊ ဘာတွေ အကူအညီ ပေးမယ်ဆိုတဲ့ အကြောင်းတွေကို သေချာပေါက် ဆွေးနွေး လိမ့်မယ်လို့ ဗြိတိန်နိုင်ငံ ပါတီပေါင်းစုံ ပါလီမန် အမတ်များ အဖွဲ့ ရဲ့ ဥက္ကဌ လည်းဖြစ်၊ မြန်မာ့အရေးကို ဦးဆောင် ဆွေးနွေးနေသူ လည်းဖြစ်တဲ့ အောက်လွှတ်တော် အမတ် Paul Scully က ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာလို့ခေါ်တဲ့ လူနည်းစုမွတ်ဆလင် အရေးနဲ့ ဥရောပကနေ ဗြိတိန် ထွက်ပြီးနောက်ပိုင်း အခြေအနေ၊ အဲဒီအခြေအနေနဲ့ ဆက်စပ်မယ့် ဗြိတိန်မြန်မာ ကုန်သွယ်ရေး ကိစ္စတွေကို ဆွေးနွေး လိမ့်မယ်လို့ သူက ခန့်မှန်း ပါတယ်။

Paul Scully က သူကိုယ်တိုင် ဖေဖော်ဝါရီလက ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေနဲ့ တွေ့တုန်းက သူတို့ရဲ့နိုင်ငံသားဖြစ်မှုအတွက် ပြောဆိုကြတာ ကြားခဲ့ရကြောင်းနဲ့ အရင်က လွှတ်တော်အမတ် ဖြစ်ခဲ့ဖူးတဲ့ ရိုဟင်ဂျာ အမတ်က အခု အမတ်ဖြစ်ခွင့်မရတာ၊ ဒုက္ခသည် စခန်းက ရိုဟင်ဂျာတွေ မဲပေးခွင့်မရတာတွေကို ပြောပြကြလို့ ဆင်းရဲတဲ့ နိုင်ငံမှာ အဲဒီလို့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရမှုတွေဟာ စိုးရိမ်ပူပန်စရာပဲလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ကာလမှာ မြန်မာ နိုင်ငံက လွှတ်တော်အမတ်တွေက အတွေ့အကြုံ သိပ်နည်းတဲ့ အတွက် သင်တန်းပေးတာ၊ ပညာပေးတာတွေ စတဲ့ကူညီ ထောက်ပံ့မှုမျိုး တွေကို ဗြိတိန် ဘက်က ကမ်းလှမ်းခဲ့လို့ အခုလည်း အလားတူ အကူအညီမျိုးတွေကို ဒေါ်အောင်ဆန်း စုကြည်ဖက်က လိုလားနိုင်တယ်လို့ သူက ဆိုပါတယ်။

ဗြိတိန်ဖက်ကတော့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ လူ့အခွင့်အရေးကိစ္စတွေ တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ဖို့နဲ့ တိုင်းရင်းသားအရေးတွေ ဆောင်ရွက်နိုင်ဖို့ ပညာရေး၊ အလုပ်အကိုင် ရရှိရေး ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတို့ အတွက် ငွေကြေးအကူအညီမျိုးတွေ ပေးနိုင်တယ်လို့ Paul Scully က ပြောပါတယ်။

ဗြိတိန်ဟာ ဥရောပသမဂ္ဂကနေထွက်ခွာပြီးနောက် အာရှမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုပြီး စိတ်ဝင်စားလာပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုမို စိတ်ဝင်စားလိမ့်မယ်လို့ မျှော်လင့် တာတွေ ရှိနေပေမဲ့ ဗြိတိန်က မြန်မာနဲ့ ကုန်သွယ်ရေးလုပ်ဖို့ အဟန့်အတားတွေက စီးပွားရေး ဖွင့်လှစ်စ နိုင်ငံတွေမှာ တွေ့နေကျအတိုင်း လိုအပ်တဲ့အခြေခံ အဆောက် အအုံတွေ မပြည့်စုံသေးဘူးလို့ သူက ပြောပါတယ်။

နောက်အရေးကြီးတာက အကျင့်ပျက်လာဘ်စားမှုတွေရှိနေတဲ့ ကိစ္စ ဖြစ်ပြီး စီးပွားရေးလာလုပ်မယ့် ကုမ္ပဏီတွေက အဲဒီ အခက်အခဲကို စဉ်းစား လိမ့်မယ်၊ ဒါ့အပြင် နိုင်ငံရေး အခြေအနေဟာ အခု အားတက်စရာဖြစ်ပေမဲ့ အန္တရာယ် ရှိနေသေးလို့ စိတ်ချရတဲ့ အနေအထားမဟုတ်သေးဘဲ ရှုပ်ထွေးမှုတွေ ရှိနေ သေးတာတွေကလည်း အခက်အခဲတွေ ဖြစ်တယ်လို့ Paul Scully က ပြောပါတယ်။