ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နဲ့ အမေရိကန် ပိတ်ဆို့မှု

  • 13 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ဒဏ်ခတ်ပိတ်ဆို့မှုတွေ လျှော့ချဖို့ သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးဖို့ ရှိ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံကို ဒီကနေ့ စက်တင်ဘာလ ၁၄ရက်နေ့မှာ ရောက်ရှိမှာပါ။

သူ့ရဲ့ ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါရှင်တန်မြို့မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံမှာဖြစ်သလို နယူးယောက်မြို့ ကုလသမဂ္ဂ ၇၁ကြိမ်မြောက် ညီလာခံမှာ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အကူအညီပေးဖို့အတွက် အမေရိကန် အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို နောက်ထပ် လျှော့ချသင့်မသင့် ဆိုတာကို သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့အခါ ဆွေးနွေးပြောဆိုဖို့ ရှိတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လျှော့ချရာမှာ လူ့အခွင့်အရေး ကိစ္စရပ်တွေအပေါ် အဓိကထား သုံးသပ်ဖို့ လမ်းညွှန်ထားတဲ့ Cardin-McCain Burma Strategy Act of 2016 ဆိုတဲ့ ဥပဒေကြမ်း တရပ်ကိုလည်း အမေရိကန် ဒီမိုကရက် ထိပ်တန်း လွှတ်တော် အမတ် ဘန်ကာဒင်နဲ့ ဆီးနိတ် စစ်မှုထမ်း ရေးရာ ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် အမတ် ဂျွန် မက်ကိန်းတို့ ဦးဆောင်ပြီး အမေရိကန် ဆီးနိတ် လွှတ်တော်မှာ တင်ပြဖို့ ရှိပါတယ်။

အမေရိကန် အခြေစိုက် နယူး အမေရိကား ဖောင်ဒေးရှင်းက အကြီးတန်း ပညာရှင် Suzanne DiMaggio ကတော့ အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ်တွေအနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံဉာဏ်ကို ရယူကြမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရေးကြီးတာက စစ်တပ်က အခြေခံ ဥပဒေနဲ့ ဆက်ပြီး အာဏာ ချုပ်ကိုင် နေတာ ဖြစ်ကြောင်း၊ နောက် တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းရေး ရဖို့နဲ့ ရိုဟင်ဂျာတွေရဲ့ လူမှု နေထိုင်ရေး အခြေအနေ တိုးတက်မှု ရှိရေးတွေက အရေးကြီးတဲ့ ကိစ္စတွေ အနေနဲ့ ဆက်ရှိနေမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

Amnesty International လူ့အခွင့်အရေး အဖွဲ့ကြီးကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်း တိုးတက်လာရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာအစိုးရအပေါ် ဆက်လက် ဖိအားပေး သွားသင့်တယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။