မြန်မာကို စီးပွားရေး ပိတ်ဆို့ ထားတာတွေ ထဲက ထပ်မံ ဖယ်ရှား ပေးမယ်လို့ အိုဘားမား ပြော

  • 14 စက်တင်ဘာ 2016
_obama_dassk_sanctions
Image caption ခေါင်းဆောင် နှစ်ဦး ဟာ အိမ်ဖြူတော် မှာ တွေ့ဆုံ ခဲ့ကြပြီး စီးပွားရေး ကန့်သတ်ချက် တွေ ဖယ်ရှား ရေး နဲ့ ပတ်သက်လို့ ဆွေးနွေး။

အမေရိကန် အစိုးရက မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားတာ ကာလ အတန် ကြာမြင့် နေပြီ ဖြစ်တဲ့ ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှု တွေ ထဲက ထပ်မံ ဖယ်ရှား ပေးမယ့် ပိတ်ဆို့မှု တွေ ရှိနေတယ် ဆိုပြီး အမေရိကန် သမ္မတ အိုဘားမား က ပြောလိုက် ပါတယ်။

မြန်မာ အစိုးရကို လက်တွေ့ အရ ဦးဆောင်မှု ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ရယူပြီး ပထမဆုံး အကြိမ် အမေရိကန် ပြည်ထောင် စု ကို တရားဝင် ခရီး ရောက်လာ ခဲ့ပြီးတဲ့ နောက် သမ္မတ အိုဘာမား ဘက်က အခုလို ပြောကြား လာတာ ဖြစ်ပါတယ်။

ခေါင်းဆောင် နှစ်ဦး ဟာ အိမ်ဖြူတော် မှာ တွေ့ဆုံ ခဲ့ကြပြီး အခုလို စီးပွားရေး ကန့်သတ်ချက် တွေ ဖယ်ရှား ရေး နဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား က ပိတ်ဆို့မှု တွေ ဖယ်ရှားတာ မကြာခင် ဖြစ်လာ နိုင်တယ် လို့ ဆိုပေမယ့်လည်း အသေးစိတ် ကိုတော့ ထုတ် မပြောပါဘူး။

ဒါပေမယ့် မြန်မာ နိုင်ငံကို ပို့ခွန် ကြီးလေးစွာ ကောက်ခံတာ ကနေ ကင်းလွတ်ခွင့် ရှိတဲ့ နိုင်ငံ တွေ စာရင်း ထဲ ထည့်သွင်း ပေးဖို့ အမေရိကန် ကွန်ဂရက်စ် လွှတ်တော် ထံကို သမ္မတ အိုဘားမားက စာတစ်စောင် ပေးပို့ ခဲ့ပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က တော့ မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားဆဲ ပိတ်ဆို့ အရေးယူမှု တွေ အားလုံးကို ဖယ်ရှား ပေးဖို့ အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ကို တိုက်တွန်း လိုက်ပါတယ်။

ဖွံ့ဖြိုးမှု နောက်ကျ ပြီး ဆင်းရဲတဲ့ နိုင်ငံတွေ နဲ့ ကုန်သွယ်ရာမှာ အမေရိကန် က ပေးတဲ့ အထူးအခွင့် အရေး တွေကို မြန်မာ နိုင်ငံအတွင်း လူ့ အခွင့်အရေး ချိုးဖောက် မှုတွေ ရှိနေတဲ့ အတွက်ကြောင့်လို့ ဆိုကာ ၁၉၈၉ ခုနှစ် ကတည်းက အမေရိကန် ဘက်က ဆိုင်းငံ့ ထားခဲ့ ပါတယ်။

စီးပွားရေး ပိတ်ဆို့ ကန့်သတ်မှု တွေ တချို့ကို ၂ဝ၁၀ ရွေးကောက်ပွဲ နောက်ပိုင်း အမေရိကန် က ဖြေလျှော့ ပေးခဲ့ ပြီ ဖြစ်ပေမယ့်၊ စစ် အစိုးရ နဲ့ ပတ်သက် ဆက်နွယ် နေတဲ့ မြန်မာ ကုမ္ပဏီ အနည်းဆုံး တစ်ရာ ပတ်ဝန်းကျင် နဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်း စီ တွေ အပေါ်မှာ တော့ နာမည်ပျက် စာရင်း သွင်းပြီး ပိတ်ဆို့ ထားဆဲ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး အောက်က ထွက်လာ နိုင်ခဲ့ပြီ ဖြစ်တဲ့ မြန်မာ နိုင်ငံကို ကုန်သွယ်ရေး အထူး အခွင့်အရေး တွေ ပေးအပ် သင့်ပြီလို့ သမ္မတ အိုဘားမားက ပြောပေမယ့် မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် ဟာ မပြီး ဆုံး သေးဘူးလို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ