ပိတ်ဆို့မှုတွေ ထပ် ဖြေလျှော့တာ သက်သက်က မြန်မာ့ အရေး အတွက် မလုံလောက်လို့ ပြောနေ

  • 14 စက်တင်ဘာ 2016
_phar_kant_jade
Image caption သစ်ထုတ်လုပ်ရေးနဲ့ သတ္တု တူးဖော်ရေး ကဏ္ဍ တွေမှ ဖြစ်ပေါ် နေတဲ့ အကျင့်ပျက် မှု မျိုးတွေ ကို ကိုင်တွယ် ရေးမှာ အမေရိကန် က ကူညီမယ်။

မြန်မာနိုင်ငံ အပေါ် လက်ကျန် ပိတ်ဆို့မှုတွေ ထဲကနေ ထပ်မံ ဖြေလျှော့ ပေးတာ တွေ မကြာခင် ပြုလုပ် ပေးမယ် လို့ အမေရိကန် သမ္မတ အိုဘားမား က ပြော ချိန်မှာပဲ မြန်မာ နိုင်ငံ အုပ်ချုပ်ရေး အာဏာပိုင် ယန္တရား ထဲ ရှိနေတဲ့ အကျင့်ပျက် ခြစားမှုတွေ နဲ့ လူ့ အခွင့်အရေး ချိုးဖောက် မှုတွေ ကို ကိုင်တွယ်ဖို့ရာ အမေရိကန် ဘက်က အတူ လက်တွဲ လုပ်ဆောင်မယ် လို့လည်း ဆိုပါတယ်။

သစ်ထုတ်လုပ်ရေးနဲ့ သတ္တု တူးဖော်ရေး ကဏ္ဍ တွေမှ ဖြစ်ပေါ် နေတဲ့ အကျင့်ပျက် မှု မျိုးတွေ ကို ကိုင်တွယ် ရေးနဲ့ ရခိုင် ပြည်နယ်တွင်းက လူ့ အခွင့်အရေး ဆိုင်ရာ စိန်ခေါ်မှု တွေ ကို ဖြေရှင်း ရေးတွေ မှာ မြန်မာ အစိုးရ အပေါ် လိုအပ် တဲ့ အကူ အချိန် တွေ ပေးသွား မှာ ဖြစ်တယ်လို့ ဝါရှင်တန် က လာတဲ့ သတင်းတွေ က ဆိုပါတယ်။

ပိတ်ဆို့မှု တွေ ဖြေလျှော့ ပေးတာဟာ မြန်မာ နိုင်ငံ လက်ရှိ အစိုးရ ကြိုးစား ဆောင်ရွက် နေတာ တွေကို အကူအညီ ဖြစ်စေမှာ မှန်ပေမယ့်၊ မြန်မာ နိုင်ငံ ကြုံတွေ့ နေရသမျှ စိန်ခေါ် မှု တွေ အားလုံးကို အဲဒီ့ တစ်နည်းထဲနဲ့ ကျော်လွှားလို့ မရ နိုင်ဘူး လို့ အမေရိကန် အစိုးရ ထိပ်တန်း အရာရှိ တစ်ဦး က ပြောတယ် ဆိုပြီး သတင်းတွေက ကိုးကား ရေးသား နေပါတယ်။

ဒီ အချိန်မှာပဲ၊ စီးပွားရေး ကဏ္ဍ ကို ကြည့်ပြန်ရင်လည်း မြန်မာ နိုင်ငံ ထဲက အသေးစား စီးပွားရေး လုပ်ငန်း တွေကို ချေးငွေ အကူအညီ ပေးမယ့် ငွေကြေး အဖွဲ့အစည်း ၅ ခုကို ဒေါ်လာ ၁ဝ သန်းကျော် အမေရိကန် က ထောက်ပံ့ ဖို့ ရှိနေပါတယ်။

ပိတ်ဆို့မှု တွေ ဖယ်ရှားရေး နဲ့ ပတ်သက်လို့ ကတော့ ရခိုင်ပြည်နယ် မှာ ရိုဟင်ဂျာ မွတ်ဆင်လင်မ် တွေ ဖိနှိပ် ခံနေရသလို၊ မြန်မာ စစ်တပ်က ကျုးလွန်တဲ့ လူ့ အခွင့်အရေး ချို့း ဖောက် မှု တွေ ရှိနေဆဲ ဖြစ်တဲ့ အတွက် အရေးယူမှု တွေ ဖြေ လျှော့ ပေးမယ့် အပေါ် စိုးရိမ် တယ် ဆိုပြီး အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း ၄၆ ခု က သမ္မတ အိုဘားမား ထံ ရေးသား ခဲ့တဲ့ စာကို လူ အများကြား မှာပါ ဖြန့်ဝေ လာပါတယ်။

တခါ၊ လူ မှောင်ခို ကူးမှု နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက အရေးတကြီး သဘောထား ကိုင်တွယ် လိုပုံ မရဘူး ဆိုပြီး တော့လည်း အတိုက်အခံ ရီပတ်ဘလစ်ကင် ပါတီဝင် ဆီးနိတ် လွှတ်တော် အမတ် လည်းဖြစ်၊ ဆီးနိတ် လွှတ်တော် တွင်း ဩဇာအာဏာ ကြီးတဲ့ နိုင်ငံခြား ဆက်ဆံရေး ဆိုင်ရာ ကော်မတီ ရဲ့ ဥက္ကဌ လည်း ဖြစ်တဲ့ ဘော့ဘ် ကော့ကာ က ဝေဖန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ