ဒေါ်စု ကွန်ဂရက်ခေါင်းဆောင်တွေနဲ့တွေ့

  • 15 စက်တင်ဘာ 2016
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ ကွန်ဂရက် ခေါင်းဆောင်များကို တွေ့ရစဉ်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ကွန်ဂရက်လွှတ်တော်က အောက်လွှတ်တော် အနည်းစုခေါင်းဆောင် နန်စီ ပယ်လိုစီနဲ့ အထက်လွှတ်တော် ဆီးနိတ် လူများစုခေါင်းဆောင် မစ် မက်ကောနဲ တို့နဲ့ စီးပွားရေးပိတ်ဆို့မှုကိစ္စ အတွက် တွေ့ဆုံမှာ ဖြစ်ပါတယ်။

တွေ့ဆုံမှု အပြီးမှာ စီးပွားရေး ခေါင်းဆောင်တွေနဲ့ ညစာစားဖို့ရှိပြီး ဝါရှင်တန်အထက်တန်းကျောင်းမှာ ကျောင်းသား၊ကျောင်းသူတွေနဲ့ အမေးအဖြေလုပ်ဖို့ အစီအစဉ်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလည်း အမေရိကန် သမ္မတ အိုဘားမားနဲ့ တွေ့ဆုံပြီး စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရေး ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ပူးတွဲကြေငြာချက်တခု ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ အမေရိကန်အစိုးရရဲ့ သမ္မတအမိန့်နဲ့ ထုတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုအစီအစဉ်ကို ရုတ်သိမ်းဖို့၊ ဂျီအက်စ်ပီလို့ ခေါ်တဲ့ ကုန်သွယ်ရေး အထူးအခွင့်အရေး မြန်မာနိုင်ငံကို ပေးဖို့နဲ့ နှစ်နိုင်ငံ လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံကို ကူညီသွားဖို့ အချက်တွေပါဝင်ပါတယ်။

အခုလို စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းဖို့လုပ်ရတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်က အိုဘားမားဟာ ထုတ်ပြန်ချက်မှာပါတဲ့ မြန်မာနိုင်ငံရေး ပြောင်းလဲမှုကြောင့် အခုလို ရုတ်သိမ်းဖို့ လုပ်ရတာ ဖြစ်တဲ့အပြင် သူ့ရဲ့ သက်တမ်းမကုန်ခင်မှာလည်း နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုတခုအနေနဲ့ ထားခဲ့လိုတဲ့ ရည်ရွယ်ချက်ကြောင့်လို့ ဘီဘီစီကို ပြောပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အပါအဝင် လူ့အခွင့်အရေးအတွက် လှုပ်ရှားတဲ့ အဖွဲ့တွေကတော့ စီးပွားရေးပိတ်ဆို့တာဟာ မြန်မာစစ်တပ်က လူတွေကို တိုက်ရိုက်ရည်စူးပြီး စစ်တပ်ရဲ့ နိုင်ငံရေးကို ပြန်လွှမ်းလာမှာကို ထိန်းထားတဲ့အတွက် ပိတ်ဆို့မှု ဆက်ထားသင့်တယ်လို့ ပြောဆိုနေကြပါတယ်။

မြန်မာအစိုးရရဲ့ အကြံပေးတယောက်ဖြစ်တဲ့ သြစတြေးလျလူမျိုး မစ္စတာ ရှောင် တန်နဲ ကလည်း မြန်မာနိုင်ငံက ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေအတွက် အသင့်ဖြစ်ပြီလို့ ဝေါစရိ ဂျာနယ်မှာ ပြောဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ