ဓါးဒဏ်ရာနဲ့ သေဆုံးတဲ့ ဗိုလ်မှူးနဲ့ ဇနီး အလောင်းတွေ့

  • 15 စက်တင်ဘာ 2016
Tatkon ဓာတ်ပုံ မူပိုင် Google Map

စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ငါးနာရီလောက်က နေပြည်တော် တပ်ကုန်း ကားလမ်းပေါ်က ကားတစ်စီးပေါ်မှာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတဲ့ ဗိုလ်မှူး ဝေဖြိုးအောင်ရဲ့ အလောင်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်း နေပါတယ်။

ဗိုလ်မှူး ဝေဖြိုးအောင်ဟာ အသက် ၃၆ နှစ် အရွယ် ဖြစ်ပြီး အမှတ် ၃ ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ခွဲက ဖြစ်ပါတယ်။

သူ့အလောင်းကို ကင်းသာ ပင်လောင်း ကားလမ်းရဲ့ မိုင်တိုင်အမှတ် ၈ မိုင် ၃ ဖာလုံ အနီးမှာ တွေ့ခဲ့ရတာလို့ တပ်ကုန်း မြို့နယ် အမှုစစ် ရဲအရာရှိ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အသက် ၄ နှစ်အရွယ် ကလေးငယ် ကိုတော့ အနားမှာပဲ အသက်ရှင်လျက် ရဲက တွေ့ခဲ့ပါတယ်။

သူ့ဇနီး ဒေါက်တာ ခင်စန္ဒီကျော် ကိုလည်း လမ်းဘေးမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ရဲတွေက တွေ့ခဲ့ပါတယ်။

ဇနီးဖြစ်သူ ဒေါက်တာ ခင်စန္ဒီကျော်ရဲ့ အလောင်းကိုတော့ စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီ လောက်က ကားလမ်းဘေးက လျှိုတစ်ခုမှာ တွေ့ခဲ့ကြတာဖြစ်ပါတယ်။

လင်မယားချင်း ရန်ဖြစ်ရာက အခုလို လူသတ်မှု ဖြစ်တယ်လို့ ကလေးငယ် ပြောပြတာကို ကိုးကားပြီး အဲဒီ ရဲအရာရှိက ပြောပါတယ်။

မိဘ နှစ်ဦး စကားများကြပြီး မိခင်က ဖခင်ဖြစ်သူကို ဓါးနဲ့ စထိုး ခဲ့တာလို့ သူတို့ နှစ်ယောက်ရဲ့ သမီးလေးက ပြန်ပြောကြောင်းလည်း အမှုစစ် ရဲအရာရှိက ပြောပါတယ်။

သေဆုံးသွားတဲ့ မိခင်ကို ဖခင်ဖြစ်သူက ပွေ့ချီပြီး သျှိုထဲကို ချလိုက်ကြောင်းလည်း သမီးလေးက ပြန်ပြောတယ်လို့ ဆိုပါတယ်။

ဒီအမှုကို လူသတ်မှု ၃၀၂ နဲ့ အမှုဖွင့် ထားပြီး နှစ်ဖက် မိသားစုတွေက တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အမှုဖွင့် ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ