ကေအိုင်အေနဲ့ တိုက်ပွဲပြင်းထန်

  • 16 စက်တင်ဘာ 2016
Kachin Soldier
Image caption ကင်းစောင့်နေသူ ကချင် စစ်သားတဦး

ကချင် ပြည်နယ် ဝိုင်းမော်မြို့ အရှေ့ဘက် အစွန်ဆုံးမှာ ရှိတဲ့ အင်ခရမ်ဘုန်း တောင်ကုန်း အနီးမှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်မတော်တို့ စက်တင်္ဘာ လ ၁၆ ရက် မနက် ၁၀ နာရီခွဲနဲ့ ၁၁ နာရီခွဲ အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အစိုးရ တပ်မတော်ဘက်က စစ်သည်အင်အား ၂၀၀ ကျော် ၃၀၀ နီးပါး ပါဝင်ပြီး အမြောက်လက်နက်၊ လက်နက်ငယ် အစုံအလင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

အင်ခရမ်ဘုန်း တောင်ကုန်းဟာ မြစ်ကြီးနား ဗန်းမော် ကားလမ်းရဲ့ အရှေ့ဘက်မှာ ရှိပြီး ဗျူဟာကျတဲ့နေရာ ဖြစ်ပါတယ်။

လိုင်ဇာသွားရင် ဖြတ်သွားရတဲ့ လမ်းကြောင်း ဖြစ်တဲ့ အတွက် ဆက်သွယ်ရေး လမ်းကြောင်းမှာ အချက်အချာကျတဲ့ နေရာ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့မှာ အစိုးရစစ်တပ်က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ ဇူလိုင် ၁၄ ရက်မှာတော့ တိုက်ခိုက်မှု ရပ်နားထားခဲ့ပါတယ်။ ဇူလိုင် ၁၅ ရက် မနက်ခင်းမှာတော့ အရွယ် အစားမျိုးစုံ အမြောက်တွေနဲ့ အကြိမ်ပေါင်း ၁၀၀ ကျော်ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုတိုက်ခိုက်မှုဟာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြား ထွက်နေချိန်နဲ့ ချိန်ကိုက်လုပ်ဆောင်တာ ဖြစ်နိုင်ပြီး ဒီလို တိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေ ထိခိုက်နိုင်တယ်လို့လည်း ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။