တပ်မတော်သား ၇ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်

  • 16 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption မိသားစုတွေ ကတော့ လျော်ကြေးရလိုတယ်လို့ ဘီဘီစီကို ပြော။

ပြီးခဲ့တဲ့ ဇွန်လက လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာက ရွာသား ငါးယောက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာ့ တပ်မတော်က အရာရှိ လေးယောက်နဲ့ အခြားအဆင့် စစ်သည် သုံးယောက် တို့ကို စစ်ခုံရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီ ပြစ်ဒဏ် ချလိုက်ပါတယ်။

တပ်မမှူးတစ်ဦး အပါအဝင် အရာရှိလေးယောက်ကို တပ်မတော်ကလည်း ထုတ်ပယ်လိုက်ပြီး အခြားအဆင့် စစ်သည်တွေကိုတော့ ရာထူး ချလိုက်တယ် လို့လည်း သိရပါတယ်။

တအာန်း စစ်တပ်နဲ့ တပ်မတော်တိုက်ပွဲဖြစ်စဉ် အသက် ၂၀ ကျော်အရွယ် ရှိကြတဲ့ ရွာသားတွေကို ဖမ်းဆီးသွားခဲ့ပြီး နောက်ပိုင်းမှာ သူတို့ရဲ့ အလောင်းတွေကို မြေမြှုပ် ထားတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲတဲ့ဇူလိုင် ၂၀ ရက်နေ့က ကာကွယ်ရေးဝန်ကြီးဌာန စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး နှစ်လအတွင်း ဒီအမှုကို ဖော်ထုတ်ပြီး အရေးယူလိုက်တာလည်း ဖြစ်ပါတယ်။

မိသားစုတွေကတော့ အဓိက ဝင်ငွေရှာပေးနေသူ အိမ်ထောင်ဦးစီးတွေ သေဆုံးရတဲ့အတွက် မိသားစု အနာဂတ်စားဝတ်နေရေးအတွက် လျော်ကြေး ရလိုကြောင်း ဘီဘီစီကို ပြောပါတယ်။

မြန်မာ့တပ်မတော် အနေနဲ့ စစ်သားတွေက ဒေသခံ လူထုတွေကို နှိပ်စက်မှုတွေကို ဝန်ခံလေ့မရှိဘဲ အခုလို လူသိရှင်ကြား အရေးယူတာမျိုးကတော့ သိပ်ကို ရှားပါးတဲ့ ကိစ္စ ဖြစ်ပါတယ်။

လူ့အခွင့်အရေး မြှင့်တင်ရေးအဖွဲ့တစ်ခု ဖြစ်တဲ့ ညီမျှခြင်းမြန်မာက ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းကတော့ စစ်တပ်က အခုလိုအရေးယူဆောင်ရွက်လာတာကို ကြိုဆိုလိုက်ပြီး ဒီနည်းနဲ့ တပ်မတော်ဟာ လူ့အခွင့်အရေးချိုးဖောက်သူဆိုတဲ့ ပုံရိပ်ကနေ လူ့အခွင့်အရေးကို ကာကွယ်ရာမှာ ပူးပေါင်းကူညီသူတွေအဖြစ် အမြင်တွေ ပြောင်းလဲလာစရာ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အမှုတစ်ခုထဲကိုသာ ဆောင်ရွက်တာမျိုး မဟုတ်ပဲ တခြား ကျန်နေသေးတဲ့ တပ်မတော်သားတွေနဲ့ ပတ်သက်နေတဲ့ အမှုကိစ္စတွေကိုပါ စစ်ဆေးဖော်ထုတ်ပေးသွားဖို့ လိုလိမ့်မယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူ ပလောင်လူမျိုး ကိုအိုက်မောင်ရဲ့ဇနီး မအေးလွတ်ကတော့ မူးယစ်ဆေးနဲ့ မိသူတွေကိုတောင် ထောင်ဒဏ် ၁၀ နှစ် အနည်းဆုံးချနေချိန်မှာ လူတွေကို နှိပ်စက်ပြီး သတ်ဖြတ်ခဲ့သူတွေကတော့ ထောင်ဒဏ် ငါးနှစ်စီပဲ ကျတာ နည်းလွန်းတယ်လို့ ပြောခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ