ဟားဗတ် လူသားချင်းစာနာမှု ဆု ဒေါ်စု ရယူ

  • 18 စက်တင်ဘာ 2016
Image caption ဒီမို ကရေစီ အရေး အတွက် ထူးထူးခြားခြား စွမ်း ဆောင် ပေးခြင်း အားဖြင့် လူသား တွေ ဘဝ မြှင့်တင် ပေး နိုင် ခဲ့သူ ကို ရွေး ချယ် တာ ပဲ ဖြစ်

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စနေနေ့ ညနေမှာ ဟားဗတ် တက္ကသိုလ် ၊ ဟားဗတ် ဖောင်ဒေးရှင်းက ချီးမြှင့်မယ့် ၂၀၁၆ ခုနှစ် ဟားဗတ် ပီတာ ဂျေ ဂိုးမက်စ် လူသားချင်း စာနာမှုဆုကို လက်ခံယူမှာ ဖြစ်ပါတယ်။

ဆုလက်ခံယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှာပါ။ နှစ်စဉ် လူ တော်တော် များများ ကို ဇကာတင် စိစစ် ပြီးမှ ၊ ဒီ လူသားချင်း စာနာမှု ဆုကို ပေး အပ်တာ ဖြစ်တယ်လို့ ဟားဗတ်ဖောင်ဒေးရှင်း ဒါရိုက်တာ အယ်လန် ကောင်တာ က ဆုရွေးချယ် ခဲ့မှု နဲ့ ပတ်သက်လို့ ဘီဘီစီကို ပြောပါတယ်။

ဇကာတင် စာရင်းကို အကြံပြု ကြ သူတွေ ကတော့ ဟားဗတ် တက္ကသိုလ် မှာ ပညာသင် ယူ နေကြတဲ့ ကျောင်းသူ/ ကျောင်းသား တွေနဲ့ ဘာသာရပ် ဆိုင်ရာ မဟာဌာန အသီးသီး တို့ စုပေါင်း ထားတဲ့ ကော်မတီ က ဖြစ်ပါတယ်။

အဓိက ကတော့၊ ငြိမ်းချမ်းရေး နဲ့ ဒီမို ကရေစီ အရေး အတွက် ထူးထူးခြားခြား စွမ်း ဆောင် ပေးခြင်း အားဖြင့် လူသား တွေ ဘဝ မြှင့်တင် ပေး နိုင် ခဲ့သူ ကို ရွေး ချယ် တာ ပဲ ဖြစ်ပါတယ်။ ဒီ ဆု ကို ရဖူး ခဲ့သူ တွေကို ကြည့်ရင် ဘုန်း တော်ကြီး ဒပ်စမွန် တူးတူး နဲ့ မာလာလာ တို့လို သူမျိုးတွေ ပါဝင် ပါတယ်။

ဒီနေ့ ခေတ်ပြိုင် ကမ္ဘာ ကြီး မှာ ထူးချွန် ပြောင်မြောက် တဲ့ အတွေး အခေါ် အယူအဆ တွေ ကို ဖော်ထုတ် နိုင် ကြသူ တွေ ရဲ့ လုပ်ရပ် တွေ နဲ့ ဟားဗတ် ကျောင်းသူ/ကျောင်းသားတွေကို ထိတွေ့ ရင်းနှီးစေဖို့ ဟားဗတ် က အမြဲ ကြိုးပမ်း နေပါတယ်။

ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီ အရေး တွေ ကတဆင့် လူသား တွေ ရဲ့ ကောင်းကျိုး ချမ်းသာ ကို ဖော်ဆောင် ပေး နိုင်စွမ်း ရှိ ရမယ် ဆိုတဲ့ စံနှုန်း အပေါ် မူတည် ပြီး ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဟားဗတ် မှာ နိုင်ငံ တကာ က ထူးချွန် တဲ့ သူတွေ ပညာ သင် နေကြ ပြီး၊ သူတို့ဟာ အနာ ဂတ် မှာ ဦးစီးဦးဆောင် နေရာ ရောက် လာကြ မယ့်သူတွေ လို့ မျှော်လင့် နိုင်တဲ့ အတွက်၊ သူတို့ အတွက် အတုယူ အားကျ သင့်တဲ့ လူတွေ နဲ့ ထိတွေ့ ခွင့် ပေးတာ မျိုးလည်း ဖြစ်ပါတယ်။

အစိုးရ တာဝန် ထမ်းဆောင် လို့ မရွေးချယ် ဘူး ဆိုတာ တော့ မရှိဘူးလို့ ဆုရွေးချယ်ရေး အဖွဲ့ဉီးဆောင်သူ ဒေါက်တာ အယ်လန် ကောင်တာ က ဆက်လက် ပြောကြားပါတယ်။

နိုဘယ် ငြိမ်းချမ်းရေး ဆု ရွေးချယ်ရေး ကော်မတီ ရဲ့ ဥက္ကဌ ဟောင်းလည်း ဖြစ် နော်ဝေ ဝန်ကြီးချုပ် ဟောင်း လည်း ဖြစ်တဲ့ သိုဘီယွန် ဂျက်ကလန် Thorbjørn Jagland ကိုဟားဗတ် က လူသားချင်း စာနာမှု ဆု ပေးခဲ့ပါတယ်။ သူ့ရဲ့ လူသား အကျိုး ပြု စွမ်းဆောင် မှု တွေ အပေါ် အခြေခံ ပြီး ရွေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆု ကို လက်ခံ တုန်း ကလည်း သိုဘီယွန် က ဥရောပ ကောင်စီ ရဲ့ အမှုဆောင် အတွင်းရေးမှုး တစ်ယောက် အဖြစ် တာဝန် ထမ်းဆောင် နေဆဲပါ။

ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပြောရရင် ပြီးခဲ့တဲ့ နှစ် အနည်းငယ် တုန်း ကပဲ သူ့ကို ဟားဗတ် တက္ကသိုလ် ဂျွန် အက်ဖ် ကနေဒီ အုပ်ချုပ်ရေး ကျောင်း မှာ ဧည့်သည် တော် အနေနဲ့ ခေါ်ယူ ပြီး စကား ပြော စေခဲ့ ပါတယ်။

ဟားဗတ် ကျောင်းသား တွေ သိပ် လေးစား အားကျ တာကို တွေ့ရတယ် ဆိုပြီး Boston Globe သတင်းစာ က ရေး ခဲ့တာ ကို ကြည့်ရင်၊ ဒေါ်အောင်ဆန်းစုကြည် ဟာ ကျောင်းသား တွေ အပေါ် လွှမ်းမိုး နိုင်သူ ဖြစ်တယ် ဆိုတာ ထင်ရှား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ