ကုန်သည်ကြီးများအသင်း အမှုဆောင်သစ်တွေ ရွေး

umfcci, election ဓာတ်ပုံ မူပိုင် UMFCCI Facebook
Image caption ဥက္ကဌသစ်လည်း ရွေးချယ်

မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သည်အသင်းကြီးဖြစ်တဲ့ UMFCCI ရဲ့ အလုပ်အမှုဆောင်ရွေးချယ်ပွဲကို ရန်ကုန်မြို့မှာ စနေနေ့ညပိုင်းအထိ ကျင်းပနေပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်အတွက် ၂၀၁၆ ကနေ ၂၀၁၉ ခုနှစ်အထိ ကာလအတွက် အလုပ်အမှုဆောင်ရွေးချယ်တာ ဖြစ်ပါတယ်။

လက်ရှိဥက္ကဌ ဦး ဝင်းအောင်ဟာ ဝင်မပြိုင်တော့ဘဲ အနားယူတော့မှာဖြစ်ပြီး သူ့နေရာမှာလည်း ဝင်အရွေးခံတဲ့သူ အများအပြား ရှိနေကြပါတယ်။

အထည်ချုပ်အသင်းက ဒေါ်ခိုင်ခိုင်တင်ကလည်း အခု အမှုဆောင်ရွေးချယ်ပွဲမှာ လူငယ်တွေ၊ မျက်နှာသစ်တွေပါ ပါဝင်လာတာ တွေ့ရတယ်လို့ ပြောပါတယ်။

မနက်ပိုင်းမှာ အသင်းသား ၁၂၀၀ ကျော်က မဲပေးခဲ့ကြပါတယ်။

ဒီရွေးကောက်ပွဲမှာ လူပေါင်း ၁၇၉ ယောက်က အလုပ်အမှုဆောင် ၇၂ ဦး နေရာကို ယှဉ်ပြိုင်ကြပါတယ်။ အဲဒီ ၇၂ ယောက်ဟာ အသင်းချုပ်ရဲ့ ကျန်ညီနောင်အသင်းအဖွဲ့တွေက တိုက်ရိုက်အဆိုပြုတဲ့ အမှုဆောင် ၇၂ ယောက်နဲ့ ပေါင်းပြီး ဗဟိုအလုပ်မှုဆောင် ၅၈ နေရာအတွက် ပြိုင်ကြပါတယ်။

ဒီအသင်းကြီးရဲ့ ဖွဲ့စည်းလုပ်ကိုင်ပုံကို ပြုပြင်ပြောင်းလဲဖို့လိုတယ်ဆိုပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်က မကြာခင်လပိုင်းက ဘီဘီစီကို ပြောခဲ့ပါတယ်။