နယ်စပ်က ဒုက္ခသည် ပြည်တွင်းက ဒုက္ခသည်

  • 19 စက်တင်ဘာ 2016
kachin refugee
Image caption ကချင်ပြည်နယ်တွင်း က စစ်ဘေးရှောင် ဒုက္ခသည် တွေ

ကုလသမဂ္ဂ က ကြီးမှူးကျင်းပတဲ့ ဒုက္ခသည်များနဲ့ ရွှေ့ပြောင်း ဝင်ရောက်သူများဆိုင်ရာ ထိပ်သီးညီလာခံ ကျင်းပဖို့ နီးလာတဲ့အချိန်မှာပဲ ကချင်ဒုက္ခသည်အရေး ကိုကူညီစောင့်ရှောက်ပေး နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ အကန့်အသတ်တွေနဲ့ ကြုံနေရပါတယ်။

ကချင်ပြည်နယ်တွင်းမှာ ရှိတဲ့ ဒုက္ခသည်တွေ ရဲ့အရေး ကို ကူညီဆောင်ရွက်ပေးနေတဲ့ ငြိမ်းဖောင်ဒေးရှင်း က ကို အက်စ ဂျွန်မိုင် က အရင်က နိုင်ငံတကာ အန်ဂျီအိုတွေ အနေနဲ့ မြစ်ကြီးနား၊ဝိုင်းမော်စတဲ့ မြို့နယ်တွေမှာ ရှိနေတဲ့ ပြည်တွင်း ဒုက္ခသည်စခန်းတွေ ကို လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိခဲ့ပေမယ့် အခုအခါမှာတော့ သွားလာနိုင်ရေး ခွင့်ပြုချက်ရဖို့ တလကျော်ကြာ စောင့်ဆိုင်းနေရကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

ကချင်ပြည်နယ်တွင်းမှာပင် ဒုက္ခသည်ပေါင်း တသိန်း နှစ်သောင်းကျော် ရှိနေတယ်လို့ အကူအညီပေးရေးအဖွဲ့တွေ က ပြောနေကြပြီး အခြားပြည်နယ်တွေမှာလည်း စစ်ဘေးရှောင် ဒုက္ခသည်တွေ ရှိနေပါတယ်။

ဒီဒုက္ခသည်တွေအနေနဲ့ အခြေခံစားဝတ်နေရေး လိုအပ်ချက် တွေ ကိုပင်လျှင် ရရှိနိုင်ရေး ခက်ခဲနေတယ်လို့ သူတို့အရေးကို ကူညီဆောင်ရွက်ပေးနေသူတွေ က ပြောပါတယ်။

မြန်မာအစိုးရ စစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေ တို့အကြား တိုက်ပွဲတွေ စပြီးပြန်ဖြစ်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က စပြီး စစ်ဘေးရှောင်ဒုက္ခသည် စခန်းတွေမှာ သူတို့နေနေကြရတာမို့ အခုဆိုရင် ၅နှစ်ကျော် ကြာလာပါပြီ။

ထိုင်းမြန်မာနယ်စပ်တလျှောက် က ဒုက္ခသည် စခန်းတွေမှာ လည်း နောက်ထပ် ဒုက္ခသည် တသိန်းကျော် ခိုလှုံနေရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ