ဧည့်စာရင်း တိုင်စရာမလိုတော့

  • 19 စက်တင်ဘာ 2016
Burma Parliament ဓာတ်ပုံ မူပိုင် Reuters
Image caption ဧည့်စာရင်းတိုင်ဖို့ အချက်ကို ပယ်ဖျက်ဖို့ လွှတ်တော် နှစ်ရပ်လုံး ဆုံးဖြတ်ထား

မြန်မာ နိုင်ငံသားတွေအနေနဲ့ ကိုယ့်အိမ်ကို ညအိပ်ညနေ ဧည့်သည်လာမယ် ဆိုရင် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အာဏာပိုင် တွေကို အသိပေး ဧည့်စာရင်း တိုင်ရတဲ့ အခြေအနေက ကင်းလွတ် တော့မှာ ဖြစ်ပါတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်း မှာပါတဲ့ ဧည့်စာရင်း တိုင်ရမယ်ဆိုတဲ့ အချက်ကို စက်တင်ဘာလ ၁၉ ရက်နေ့က ပြည်သူ့ လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးပြီး ပယ်ဖျက်ဖို့ မဲခွဲ ဆုံးဖြတ်ခဲ့ ပါတယ်။

ဒီအချက်ကို အမျိုးသား လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲ ခဲ့ကြတုန်းကလည်း ပယ်ဖျက်ဖို့ အများစုက ထောက်ခံခဲ့ကြတဲ့ အတွက် လွှတ်တော် နှစ်ရပ်စလုံးက တညီ တညွတ်တည်း သဘောထား ရှိတာကြောင့် ပြည်ထောင်စု လွှတ်တော်မှာ ဆက်လက် ဆွေးနွေးစရာ မလိုတော့ဘဲ အတည်ပြုနိုင် တော့မှာဖြစ်ပါတယ်။

ဒီဥပဒေကို ပြီးခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ကြီးစိုးတဲ့ လွှတ်တော်မှာ နှစ်ကြိမ်ပြင်ဆင်ခဲ့ပြီး အခု တစ်ကြိမ်နဲ့ဆို ၃ ကြိမ်မြောက် ပြင်ဆင်တာ ဖြစ်ပါတယ်။

အခုတစ်ကြိမ်မှာလည်း ဥပဒေကြမ်းကော်မတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ဒီပုဒ်မကို မပယ်ဖျက်ဘဲ မူလအတိုင်း ထားဖို့ အဆိုပြုခဲ့ ပေမဲ့ တခြား လွှတ်တော် ကိုယ်စား လှယ်တွေက ကန့်ကွက်လို့ မဲခွဲ ဆုံးဖြတ်ခဲ့ရတာပါ။

အခုလို ဧည့်စာရင်း မတိုင်ရ တော့တဲ့အတွက် နေအိမ်တွေမှာ ညကြီးသန်းခေါင် အိပ်ရာထဲအထိ လိုက်လံ စစ်ဆေးတာမျိုး ရှိတော့မှာ မဟုတ်လို့ ပြည်သူတွေ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာမျိုး ရှိတော့မှာ မဟုတ်ဘူးလို့ သနပ်ပင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။

အရင်က ဧည့်စာရင်း စစ်တဲ့ နေရာမှာ အုပ်ချုပ်ရေးမှူးတွေက သူတို့ မလိုရင် မလိုသလို သူတို့နဲ့ မတည့်တဲ့ အိမ်တွေကို ဝင်စစ်တာမျိုး၊ ငွေကြေး ကောက်ခံမှုမျိုးနဲ့ အဂတိလိုက်စားမှု တွေလည်း ရှိကြ တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ တစ်လထက်ကျော်လွန် နေတဲ့သူတွေအနေနဲ့တော့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်မှူးကို အသိပေးရမှာ ဖြစ်ပါတယ်။

အခုလို လူ့အခွင့်အရေးပိုင်းမှာ တိုးတက်လာပေမဲ့ အခုလို ဧည့်စာရင်း မတိုင်ရတဲ့အချက်ကို ပယ်ဖျက်လိုက်တဲ့ အတွက် လုံခြုံရေးပိုင်းမှာ အားနည်းချက်တွေ ရှိလာ နိုင်တယ်လို့ သာစည်မြို့နယ် ပြည်သူ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ