အမျိုးသမီးတွေ ဘဝလုံခြုံရေး တိုးမြှင့် ဆောင်ရွက်ဖို့ လိုနေ

  • 20 စက်တင်ဘာ 2016
Karenni Women Conference ဓာတ်ပုံ မူပိုင် Karenni Women Association
Image caption နိုင်ငံရေး ဆွေးနွေးမှု အဆင့်တိုင်းမှာ အမျိုး သမီးတွေ ပါနိုင်ဖို့ အကြံပြု

ကယား ပြည်နယ် အတွင်းက အမျိုးသမီးတွေ ကိုယ်တိုင် ပါဝင်တဲ့ ၃ ရက်ကြာ ကရင်နီ အမျိုးသမီး အသံ ညီလာခံကို လွိုင်ကော် မြို့နယ် ချစ်ကယ် ကျေးရွာအုပ်စုမှာ စက်တင်ဘာလ ၁၉ ရက်နေ့က စတင် ကျင်းပနေပါတယ်။

ကယား ပြည်နယ် အတွင်း မြို့နယ် ၇ မြို့နယ်က ဒေသခံ အမျိုးသမီးတွေ ကိုယ်တိုင် သူတို့ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ခွင့်၊ အမျိုး သမီးတွေ အပေါ် အကြမ်းဖက်မှု စတဲ့ အခြေအနေတွေကို တင်ပြ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အမျိုးသမီးတွေ အနေနဲ့ ကိုယ့် ရပ်ရွာမှာ လွတ်လွတ် လပ်လပ် သွားလာလို့ ရပေမဲ့ ကိုယ့်အိမ်နဲ့ တောင်ယာကို သွားလာတဲ့ နေရာမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု အပါအဝင် လုံခြုံမှု မရှိတဲ့ အခြေ အနေတွေကို တင်ပြဆွေးနွေး ခဲ့ကြတယ်လို့ ညီလာခံ စီစဉ်သူ တစ်ယောက် ဖြစ်တဲ့ ကရင်နီ အမျိုးသမီး အစည်းအရုံး အထွေထွေ အတွင်းရေးမှူး မမီးမီးက ပြောပါတယ်။

အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ လုံခြုံမှု မရှိတဲ့ အခြေအနေတွေ ဆိုတာက လူမှု အသိုင်းအဝိုင်းထဲမှာ အကြမ်းဖက်မှု၊ အာဏာရှိသူတွေက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ အပြင် ကျန်းမာရေး၊ ပညာရေးပိုင်းမှာ လည်း လုံခြုံမှု မရှိတာကို ဆိုလိုတာလို့ သူက ပြောပါတယ်။

ဒါ့အပြင် တဖက် နိုင်ငံမှာ ဒုက္ခသည်တွေ အဖြစ် နေထိုင်ကြရသူတွေ အနေနဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိတာ၊ မွေးလာတဲ့ ကလေးတွေ အတွက် မွေးစာရင်းတွေ ချက်ချင်း လုပ်လို့ မရတာတွေကိုလည်း ထုတ်ဖော်ပြောကြတယ်လို့ မမီးမီးက ဆိုပါတယ်။

ကျေးရွာက အမျိုးသမီးတွေ မီးဖွားချိန်မှာ အရည်အချင်း ပြည့်ဝပြီး အတွေ့အကြုံရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ မရှိလို့ အန္တရာယ် ရှိနိုင်သလို ပညာရေးပိုင်းကျတော့ လည်း ယောင်္ကျားလေးတွေကို ဦးစားပေးတာမျိုး အပြင် မြို့မှာ ကျောင်းသွားထားဖို့ စိတ်မချတဲ့ အတွက် မူလတန်း အဆင့်ထိသာ မိန်းကလေးတွေ ပညာသင်ကြားကြရတယ်လို့ သူက ပြောပါတယ်။

အခုလို ညီလာခံမှာ ပြောဆို ဆွေးနွေးတဲ့ အချက်တွေကို အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ပြောင်းလဲ ချမှတ်တဲ့ အခါမှာ ထည့်သွင်း စဉ်းစားနိုင် စေဖို့ အမျိုးသမီးတွေ ကိုယ်တိုင်က ထုတ်ဖော် ပြောကြတာလို့လည်း မမီးမီးက ပြောပါတယ်။

အမျိုးသမီးတွေရဲ့ ဘဝ တိုးတက် ကောင်းမွန်အောင် ဆိုရင် သူတို့ကို နိုင်ငံရေး အမြင်ရှိစေဖို့နဲ့ စွမ်းရည်မြှင့် သင်တန်းတွေ ပေးဖို့ လိုအပ်တယ်၊ အကြမ်းဖက်မှု ကျူးလွန်သူတွေကို တရား ဥပဒေအရ ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ဆိုပါတယ်။

ဒီလို အရေးယူ ဆောင်ရွက်ပေးလာတဲ့ အထိ သူတို့ ဖက်က အမျိုးသမီးတွေရဲ့ အသံတွေကို လူထု သိအောင် လုပ်ဆောင်မယ်လို့လည်း မမီးမီးက ပြောပါတယ်။

ကယားပြည်နယ်အတွင်းက အမျိုးသမီးတွေ၊ ပြည်နယ် အဆင့် အစိုးရနဲ့ လွှတ်တော်က တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ပုဂ္ဂိုလ်တွေ အပြင် အရပ်ဖက် အဖွဲ့ အစည်းတွေ ပါဝင်တဲ့ ကိုယ်စားလှယ် ၃၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ