မြန်မာအမေရိကန် တပ်ချင်းဆက်ဆံရေး သတိထားလုပ်မယ်လို့ အမေရိကန်သံအမတ်ကပြော

  • 20 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ စကော့ မာစီရယ်

မြန်မာ အမေရိကန် တပ်ချင်း ပူးပေါင်း ဆောင်ရွက်တာကို သတိ ကြီးကြီးထားပြီး အရပ်သား အစိုးရရဲ့ ထောက်ခံမှုနဲ့ အခြေခံမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ စကော့ မာစီရယ်က ပြောဆိုလိုက်ပါတယ်။

မြန်မာ တပ်မတော်ဘက်က လူ့အခွင့်အရေး လေးစား လိုက်နာမှု ရှိပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်နိုင်မှ တပ်ချင်း ဆက်ဆံရေး ပိုမို ပီပြင် နိုင်မယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

မစ္စတာ မာစီရယ်က ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမေရိကန် ခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အမေရိကန်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်က မြန်မာနိုင်ငံ အတွင်းက စီးပွားရေး ပိတ်ဆို့မှု စာရင်းထဲမှာ ပါတဲ့ လူတရာကျော်ကို ပယ်ဖျက်ပေးဖို့ အစီအစဉ် ရှိပေမယ့် ဘယ်နှစ်ယောက်ကို စာရင်းက ပယ်ဖျက်ပေးမလဲ ဆိုတာကို သံအမတ်ကြီးက ထုတ်ဖော် မပြောခဲ့ပါဘူး။

မူးယစ်ဆေးဝါးနဲ့ လက်နက် ကုန်သွယ်မှုနဲ့ ဆက်စပ်သူတွေ ကတော့ ပိတ်ဆို့မှု စာရင်းမှာ ဆက်ကျန်နေမှာ ဖြစ်ပါတယ်။

အမေရိကန်ကွန်ဂရက်က ချမှတ်ထားတဲ့ ကျောက်မျက်ဥပဒေနဲ့ ညှိစွန်းနေသူများအပေါ် ဗီဇာ ကန့်သတ်ချက်တွေ ဆက်ရှိနေဦးမယ်လို့ ဆိုပါတယ်။

သံအမတ်ကြီးက အမေရိကန် မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်မှာ ဖြစ်သလို မြန်မာနိုင်ငံက အသေးစား စီးပွားရေး လုပ်ငန်းတွေ အတွက်လည်း ဒေါ်လာ ၁၀သန်းကျော် ပံ့ပိုးမယ့် ချေးငွေ အာမခံချက် အစီအစဉ် ကိုလည်း သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ