အိမ်ဖော်တွေကို ညှဉ်းပန်းမှု စွဲဆို

  • 20 စက်တင်ဘာ 2016
yangon ဓာတ်ပုံ မူပိုင် AFP
Image caption လက်ဆယ်ချောင်းလုံး ကျိုးတဲ့အထိ နှိပ်စက်ခံရ

ရန်ကုန်က နာမည်ကြီး အပ်ချုပ်ဆိုင်ပိုင်ရှင်က ဆယ်ကျော်သက် အိမ်ဖော် မိန်းခလေး ၂ ယောက်ကို ညှဉ်းပန်း ရိုက်နှက် ခိုင်းစေတာနဲ့ ပတ်သက်ပြီး ကျောက်တံတားမြို့နယ် တရားရုံးမှာ အမှုတွေ ဖွင့်လိုက်ပါတယ် ။

လူ့အခွင့်အရေးကော်မရှင်က ကြားဝင်ညှိနှိုင်းမှုတွေ ပတ်သက်လို့ ဝေဖန်မှုတွေ ထွက်လာပြီး နောက်ပိုင်း အခုလို အမှုဖွင့် တာလည်း ဖြစ်ပါတယ်။

ရန်ကုန် ကျောက်တံတား မြို့နယ် လမ်း ၄ဝ မှာရှိတဲ့ အင်းဝ အပ်ချုပ်ဆိုင်မှာ ဆယ်ကျော်သက် အိမ်အကူ အမျိုးသမီးနှစ်ဦး ညှင်းပန်း နှိပ်စက် ခံနေရတာကို ပြည်တွင်းသတင်းဌာန တခုက စုံစမ်းသိရှိပြီး ကျောက်တံတား ရဲစခန်းမှာ ပြီးခဲ့တဲ့ သုံးလ လောက်က အမှုဖွင့် တိုင်ကြား ခဲ့ပါတယ် ။

ဒီအမှုဟာ ရဲအရေးပိုင်တဲ့အမှု ဖြစ်ပေမယ့်လည်း လူအခွင့်ရေး ကော်မရှင်ဘက်က သိန်း၅ဝ လျော်ကြေးပေးပြီး ညှိနှိုင်းမှုနဲ့ ပြဿနာကို ဖြေရှင်းလိုက်တဲ့ နောက်ပိုင်းမှာ ဝေဖန်မှု တွေထွက်လာပါတယ် ။

ဒါကြောင့် နှိပ်စက်ခံရတဲ့ အိမ်အကူ မိန်းကလေးတွေ ကိစ္စကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့နဲ့ လွှတ်တော် အမျိုးသမီး နဲ့ ကလေး သူငယ်များ ကာကွယ် စောင့်ရှောက်ရေး ကော်မတီဘက်က တရားလိုလုပ်ပြီး အမှုဖွင့်လိုက်ပြီလို့ မိန်းကလေးတွေ ဘက်က ဥပဒေ အကြံပေး ဦး ခင်မောင်မြင့်က ပြောပါတယ် ။ ဒီ မိန်းကလေး နှစ်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်က ၁၇ နှစ်နဲ့ ၁၆ နှစ်အရွယ် မစန်းကေခိုင်နဲ့ မသဇင်တို့ ဖြစ်ပါတယ် ။

လူအခွင့်ရေး ကော်မရှင်က စက်တင်ဘာလ ၁၅ ရက်က ဝင်ရောက် ညှိနှိုင်းပေးခဲ့ပြီး လက်ချောင်း ဆယ်ချောင်းလုံး ကျိုးသွားသူ မစန်းကေခိုင်အတွက် မပေးရသေးတဲ့ လုပ်အားခ အပါအဝင် နစ်နာကြေး သိန်း ၄ဝ၊ ကတ်ကြေးဒဏ်ရာ၊ ဓားဒဏ်ရာတွေ ရရှိခဲ့တဲ့ မသဇင်အတွက် နစ်နာကြေး ၁ဝ သိန်း ပေးအပ် တာကိုလက်ခံ ရရှိကြောင်း နှစ်ဘက် လက်မှတ်ထိုး ညှိနှိုင်းခဲ့ပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေးဘက် ကတော့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ နဲ့ အင်းဝ အပ်ချုပ်ဆိုင်ရှင် အမျိုးသမီးနဲ့ သူ့ရဲ့ သမီးတို့ကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

လူအခွင့်ရေးကော်မရှင် က ရန်ကုန် မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်သွားဖို့ရှိတယ် လို့လည်း သိရပါတယ် ။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ