ကုလ အထွေထွေ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး အကြိမ် မိန့်ခွန်းပြော

  • 21 စက်တင်ဘာ 2016
daw_su_un_speech
Image caption လောဘ၊ ဒေါသ၊ ကြောက်ရွံ့မှု နဲ့ လျစ်လျူရှုမှု တရားတွေက လူသားရဲ့ အခြေခံ သဘော သဘာဝ တွေကို ပျက်စီး သွား စေတယ်။

မြန်မာ နိုင်ငံရဲ့ စီးပွားရေး နဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒ တွေ ဟာ တိုင်းပြည်ရဲ့ အခြေခံ အဆောက်အဦ တွေ တည်ဆောက် ရေး မှာ ရင်းနှီးမြှုပ်နှံ မှုတွေ အရှိန် မြင့် လာစေ ရေး နဲ့ စိုက်ပျိုးရေး ကဏ္ဍ၊ အသေးစားနဲ့ အလတ်စား စီးပွားရေး ကဏ္ဍတွေ တိုးတက် လာ စေဖို့ ရည်မှန်း ထားပြီး ဆင်းရဲ မွဲတေမှု ပပျောက် ရေးကို အထူးသဖြင့် ရည်ရွယ် ချမှတ် ထားတာ ဖြစ်တယ် လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ ပြောကြား လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ ပထမ ဆုံး အကြိမ် ပြောကြား လာတဲ့ မိန့်ခွန်း ထဲမှာ အခုလို တိုင်းပြည်ရဲ့ စီးပွားရေး မူဝါဒ ကို ကမ္ဘာ့ နိုင်ငံ ခေါင်းဆောင် တွေ ရှေ့မှောက် ပြောကြား ခဲ့သလို၊ ရခိုင်ပြည်နယ် အရေး နဲ့ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ် တွေ ကိုလည်း ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

ရခိုင်ပြည်နယ် အရေးဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ကမ္ဘာက အာရုံစိုက် စရာ ဖြစ်ခဲ့သလို မြန်မာ နိုင်ငံ အနေနဲ့လည်း တာဝန် ယူ တတ်တဲ့ နိုင်ငံတကာ မိသားစုဝင် ဖြစ်တာ နဲ့ အညီ နိုင်ငံတကာ ရဲ့ စောင့်ကြည့် နေမှု အပေါ် ကြောက်ရွံ့ ထိတ်လန့် တာမျိုး မရှိ ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

တိုင်းပြည်ထဲ မှာ ရှိတဲ့ လူ့အသိုင်းအဝိုင်း အားလုံး အတွက် ငြိမ်းချမ်း တည်ငြိမ်ပြီး ဖွံ့ဖြိုး တိုးတက် လာစေမယ့် အဖြေမျိုး ရရှိ လာအောင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် တွင် စတင် ခဲ့ပြီး၊ လိုအပ် တဲ့ လူသာချင်း စာနာနားလည်မှု ဆိုင်ရာ အကူအညီတွေ ပံ့ပိုး ပေးနိုင်အောင်လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း တွေ နဲ့ကြား ပူးပေါင်း ဆောင်ရွက် နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ရခိုင်ပြည်နယ် မှာ ဖြစ်ပေါ် နေတဲ့ အကြောင်းချင်းရာ ကိစ္စ အားလုံးကို အသေအချာ ထိထိရောက်ရောက် နားလည် သဘောပေါက် မှု ရှိလာအောင် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေး ကော်မရှင် ကို ဖွဲ့စည်း ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။

အဲဒီ့ ကော်မရှင် ဖွဲ့စည်းတဲ့ အပေါ် ဆန့်ကျင်မှု ကန့်ကွက်မှု တချို့ ရှိနေပေမယ့် ရခိုင်ပြည်နယ်တွင်း ဟန်ချက်ညီညီ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဖွံ့ဖြိုး တိုးတက် လာအောင် လုပ်ဆောင် သွားဖို့ စိတ်ပိုင်း ဖြတ် ထားပြီး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

နားလည်မှု နဲ့ အပြုသဘောဆောင်တဲ့ အားပေးကူညီ မှု တွေ ပြုလုပ်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း ခဲ့သလို၊ မြန်မာ နိုင်ငံ အနေနဲ့လည်း သည်းမခံ မှု တွေ၊ ကြိုတင် ပြဌာန်း ခွဲခြား မှု တွေ အပေါ် ခိုင်ခိုင်မာမာ ဆန့်ကျင်ပြီး လူ့ အခြေခံ အခွင့်အရေး တွေ အပေါ် အလေးအနက် ယုံကြည် သက်၀င်မှု နဲ့အတူ လူသား ရဲ့ ဂုဏ်သိက္ခာ အပေါ် တန်ဖိုး ထားတယ် လို့ ဆိုပါတယ်။

မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကတော့ အားလုံး ပါဝင်ရေးနဲ့ ပြည်ထောင်စု စိတ်ကို အရင်းခံတဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပ ခဲ့ပြီး၊ အဲဒီ့ ညီလာခံ ဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ခရီး အတွက် အရေးကြီးတဲ့ ပထမ ခြေလှမ်း ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပုံဖော် ပြောဆို ခဲ့ပါတယ်။

ဒါ့အပြင် အကျင့်ပျက် ခြစားမှု ပြဿနာ နဲ့ ပတ်သက်ပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တာ မှာ လာဘ်ပေး လာဘ်ယူ လုပ်တာ သက်သက်ကို အကျင့်ပျက် ခြစား တယ်လို့ ဆိုလို တာမဟုတ်ပဲ၊ လောဘ၊ ဒေါသ၊ ကြောက်ရွံ့မှု နဲ့ လျစ်လျူရှုမှု တရားတွေက လူသားရဲ့ အခြေခံ သဘော သဘာဝ တွေကို ပျက်စီး သွား စေတယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ရဲ့ အထွေထွေ ညီလာခံ မိန့်ခွန်းရဲ့ အဆုံးသတ်မှာတော့ နောင် အနာဂတ် မျိုးဆက် တွေ အတွက် ပိုမို ကောင်းမွန် တဲ့ ကမ္ဘာကြီး ဖြစ်လာအောင် ဒေါသစိတ်တွေ၊ အမုန်းတရားတွေ၊ ကြောက်ရွံ့မှုနဲ့ လျစ်လျူရှုမှု တွေကို ဆန့်ကျင် ကြဖို့ နိုင်ငံတကာ ခေါင်းဆောင်တွေ ကို တိုက်တွန်း ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ