လူ့အခွင့်အရေး ကော်မရှင်ကို ပြစ်တင်ဝေဖန်မှု ခုခံကာကွယ်

  • 21 စက်တင်ဘာ 2016
Ava Hr commission
Image caption လူ့အခွင့်အရေး ကော်မရှင် သတင်းစာ ရှင်းလင်းပွဲ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ကလေးသူငယ်တွေကို ညှင်းပန်းနှိပ်စက်မှုမှာ သူတို့ကိုင်တွယ် ဆောင်ရွက်ခဲ့ပုံကို ရှင်းလင်း ပြောပြပါတယ်။

အင်းဝ အပ်ချုပ်ဆိုင်မှာ အလုပ်လုပ်ကိုင်တဲ့ ကလေးငယ်တွေကို ဆိုင်ရှင် မိသားစုက နှိပ်စက် ညှင်းပန်းမှုတွေ ရှိကြောင်း တိုင်ကြားမှုအရ ရဲက သွားရောက်စုံစမ်း စစ်ဆေးသလို လူ့အခွင့်အရေး ကော်မရှင်ကလည်း ဆွေးနွေး မှုတွေ လုပ်ခဲ့ပါတယ်။

အဲသလို ဝင်ရောက် ဆွေးနွေးရာမှာ ခံရသူ ကလေးငယ်တွေရဲ့ မိသားစုတွေနဲ့ အင်းဝ အပ်ချုပ်ဆိုင် မိသားစု အကြားမှာ သိန်း ၅၀ လျော်ကြေးနဲ့ ကြေအေး နိုင်ဖို့ လူ့အခွင့်အရေး ကော်မရှင်က ကြားဝင် စေ့စပ် ညှိနှိုင်းပေး ခဲ့တယ်ဆိုပြီး လူအများက ဝေဖန်ပြစ်တင်ကြပါတယ်။

လူ့အခွင့်အရေး ကော်မရှင်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုကို စုံစမ်းစစ်ဆေးပြီး လိုအပ်သလို အရေးယူဆောင်ရွက်နိုင်အောင် အစီရင်ခံ တင်ပြရမယ့် အစား ကြားပွဲစား အလုပ်ကို လုပ်ခဲ့တယ်လို့ ဝေဖန်ကြတာ ဖြစ်ပါတယ်။

ကလေးတွေ အပေါ် အခုကျူးလွန်တဲ့ ပြစ်မှုဟာ ရာဇဝတ်မှု ဖြစ်တဲ့ အတွက် နှစ်ဘက်ကြေအေးသည့်တိုင် အမှုကို ပိတ်လို့ မရဘူးလို့ ထောက်ပြကြပြီး လူ့အခွင့်အရေး ကော်မရှင်ကို ဝေဖန်ကြတာ ဖြစ်ပါတယ်။

လူ့အခွင့် အရေးကော်မရှင်ကတော့ သူတို့အနေနဲ့ ကုသတဲ့သဘောနဲ့ (remedial measures) ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

သူတို့အနေနဲ့ ရသင့်ရထိုက်တာကို ရအောင် ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပြီး အမှုကြေအေးဖို့ မပြောခဲ့ဘူးလို့လည်း ဆိုပါတယ်။

အနှိပ်စက်ခံရတဲ့ ကလေးငယ်တွေအနက် တယောက်ဟာ လက်ချောင်းကလေး ဆယ်ချောင်းစလုံး ရိုက်ချိုးခံထားရတဲ့ အတွက် ပြုလုပ်သူလို့ စွပ်စွဲခံရသူတွေကိုလည်း လူအများက ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်မှုတွေ ရှိပါတယ်။

ကလေးငယ်တွေကိုနှိပ်စက်မှုနဲ့ စွပ်စွဲခံရသူ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင် နှစ်ဦးကိုလည်း ဒီနေ့ ထပ်မံဖမ်းဆီးထားကြောင်း ရဲအဖွဲ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။