အစိုးရသစ် လက်ထက် မြန်မာ့ ငြိမ်းချမ်းရေး

  • 21 စက်တင်ဘာ 2016
Myanmar Peace ဓာတ်ပုံ မူပိုင် MPC
Image caption အရင်အစိုးရရဲ့ ငြိမ်းချမ်းရေး စတင် ဖော်ဆောင်မှုကို လက်ရှိ အစိုးရ ဆက်လက် ဆောင်ရွက်

စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ရန်ကုန်မှာ ကျင်းပခဲ့ ပါတယ်။

မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အရင် အစိုးရ လက်ထက်က စတင်ပြီး အခု ချိန်ထိ ပါဝင်နေတဲ့ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲ ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ ဦးသုဝေ ကတော့ အရင် အစိုးရ လက်ထက်က စတင်ခဲ့ပြီး အောင်မြင်မှု ရတဲ့ အခြေအနေကို လက်ရှိ အစိုးရက ဆက်လက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

အခု အစိုးရ လက်ထက် ပထမအဆင့် ဆွေးနွေးမှုမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပိုတိုး ပါဝင်လာတာရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အားလုံး ပါဝင် ဆောင်ရွက်ဖို့ တာဝန် ရှိတယ်လို့ လည်း သူက ပြောပါတယ်။

လက်နက်ကိုင် ၈ ဖွဲ့က အပစ်ရပ် လက်မှတ်ထိုးခဲ့ပြီး ဖြစ်လို့ သူတို့နဲ့ တိုက်ခိုက်မှုတွေ လျော့သွားပြီး အဲဒီ ဒေသကလူတွေရဲ့ ဒုက္ခတွေ လျော့ပါးသွားတယ်လို့ ဦးသုဝေက ပြောပါတယ်။

အလားတူပဲ ကျန်တဲ့ အဖွဲ့တွေနဲ့ သဘောတူညီမှု ရအောင်လည်း ဆက်ကြိုးစား သွားရမယ် ငြိမ်းချမ်းရေးရဲ့ အသီးအပွင့် ဆိုတာကိုတော့ ငြိမ်းချမ်းရေး ရပြီးမှသာ အားလုံး ခံစားကြရမယ်လို့ လို့ သူက ဆိုပါတယ်။

အဖွဲ့အစည်းတွေ၊ ပါတီတွေ အနေနဲ့ ရည်မှန်းချက်တွေ အသီးသီး ရှိကြတာကြောင့် မျှော်မှန်းချက်တွေ မတူညီရင် ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ အခက်အခဲ ပိုမို ရှိနိုင်ပြီး မျှော်မှန်းချက် တူညီကြရင်တော့လွယ်ကူနိုင် တယ်လို့ ဦးသုဝေက ပြောပါတယ်။

ဒါ့အပြင် အခက်အခဲ တွေကို ဆွေးနွေးတိုင်ပင်ညှိနှိုင်းတဲ့ နေရာမှာ ညှိနှိုင်းသူက အရည်အချင်းရှိပြီး အမြော်အမြင်ရှိရှိနဲ့ ပါးပါးနပ်နပ် ပြောဆို ဆောင်ရွက်မယ် ဆိုရင်လည်း ပိုမို အောင်မြင် နိုင်တယ်လို့ ဆိုပါတယ်။

လောလောဆယ် ဆွေးနွေးမှုတွေမှာ တပ်မတော်၊ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ အားလုံးက သဘောထား ကြီးကြီးနဲ့ ဆွေးနွေး နေတာ တွေ့ရကြောင်းနဲ့ ဒီလို ဆက်လုပ်သွားရင် တိုးတက်မှု ရှိလာမယ်လို့ ဦးသုဝေက ပြောပါတယ်။

ငြိမ်းချမ်းရေး ကိစ္စကို သုံးနှစ်ကနေ ငါးနှစ် အတွင်း အပြီးသတ် ဆောင်ရွက်နိုင်ဖို့ မျှော်မှန်း လုပ်ဆောင်နေတယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ