ဝိုင်းမော် မြို့နယ် မှာ တိုက်ပွဲတွေ ဖြစ်ပြန်

  • 22 စက်တင်ဘာ 2016
Kachin ဓာတ်ပုံ မူပိုင် EPA
Image caption မိုင်ဂျာယန်မှာ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေး အတွက် အဖြေရှာခဲ့

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်းမှာ အစိုးရစစ်တပ် နဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA တို့အကြား တိုက်ပွဲတွေ ဖြစ်နေတာ အခုဆိုရင် ၃ ရက် ဆက်တိုက် ရှိနေတဲ့အကြောင်း KIA ဘက် က ပြောပါတယ်။

KIA လှုပ်ရှားတပ် တပ်ရင်း ၂၅၂ စခန်းချတဲ့ အင်ခန်ဘွန်း အရပ်မှာ မြေပြင်တိုက်ပွဲတွေ အပြင် လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ လည်းရှိတဲ့အတွက် တိုက်ပွဲတွေ က ပြင်းထန်တယ် လို့ ဆိုနိုင်ကြောင်း KIA သတင်းနဲ့ ပြန်ကြားရေး ဌာန က ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီအရပ်ဟာ KIA ဌာနချုပ် လိုင်ဇာ နဲ့ ကားနဲ့ဆိုရင် ၃ နာရီလောက် မောင်းရတဲ့ခရီး အကွာမှာ ရှိပေမယ့် လက်နက်ကြီး နဲ့ပစ်ရင် လှမ်းမီတဲ့အကွာအဝေး မှာ ရှိတဲ့အတွက် လိုင်ဇာလုံခြုံရေး ကို ထိုးနှက်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာအစိုးရ စစ်တပ် က စစ်ဆင်ရေး လုပ်တာဖြစ်ကြောင်း သူက သုံးသပ် ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၊၂၁ ရာစုပင်လုံ ကို KIA က ခေါင်းဆောင် ကိုယ်စားလှယ်တွေ သွားရောက် တက်ခဲ့ပေမယ့် အပစ်အခတ်ရပ်စဲရေး က ဖြစ်မလာသေးပါဘူး။

နှစ်ဘက်ယုံကြည်မှု တည်ဆောက်ဖို့၊ နိုင်ငံရေးဆွေးနွေးဖို့ လိုအပ်တဲ့အချိန်မှာ အခုလို မြန်မာအစိုးရ စစ်တပ်ဖက်က စစ်ဆင်ရေး လုပ်လာတာကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်နိုင်တဲ့အကြောင်း ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။