လူ့အခွင့်အရေးကော်မရှင်ကို အရေးယူဖို့ လွှတ်တော် တိုက်တွန်း

  • 22 စက်တင်ဘာ 2016
Inwa Tailor
Image caption နှိပ်စက်မှု ကျူးလွန်တဲ့ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင် တွေကို တရားစွဲထား

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ထိထိရောက်ရောက် အရေးယူဖို့ လွှတ်တော်မှာ စက်တင်ဘာလ ၂၂ ရက်နေ့က အရေးကြီးအဆို တင်ခဲ့ပါတယ်။

ဆယ်ကျော်သက်ရွယ် မိန်းကလေး နှစ်ယောက် ညှဉ်းပန်း နှိပ်စက် ခံရမှုကို ကိုင်တွယ် ပုံနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိလာပြီးနောက်မှာ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် တချို့ကို ထိထိရောက်ရောက် အရေးယူဖို့ ပြည်ထောင်စု အစိုးရကို ပြည်သူ့ လွှတ်တော်က တိုက်တွန်းတာ ဖြစ်ပါတယ်။

ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းအောင်ခေါ် ဦးပြုံးချို က ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အဲဒီ အရေးကြီး အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာ ကထောက်ခံခဲ့ပြီး လွှတ်တော်မှာ လက်ခံ ဆွေးနွေးဖို့ ကန့်ကွက်သူ မရှိ သဘောတူခဲ့တဲ့ အတွက် ဒီအဆို ကို လွှတ်တော်မှာ အမြန်ဆုံး ဆွေးနွေး ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။

ဒါအပြင် ဒီအမှုနဲ့ပတ်သက်ပြီး အမှုကို စတင်တိုင်ကြားခဲ့တုန်းက အရေးယူဖို့ပျက်ကွက်ခဲ့တဲ့ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေလည်း သက်ဆိုင်ရာက စစ်ဆေးနေပြီး အရေးယူဆောင်ရွက်ဖို့ရှိတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရဲ မှူးကြီးတစ်ယောက်က ဘီဘီစီကို ပြောပါတယ်

အမှုကို စတင်တိုင်းကြားခဲ့တဲ့ Myanmar Now သတင်းဌာနက သတင်းထောက် ကိုဆွေဝင်းကိုလည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရဲမှူးချုပ် ဝင်းနိုင်က ခေါ်ယူတွေ့ဆုံခဲ့ပြီး ဒီအမှုမှာ ပါဝင်ပတ်သက်နေသူ တွေကိုအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ရှင်းပြခဲ့ပါတယ်။

ကိုဆွေဝင်းက မိန်းကလေးတွေ နှိပ်စက် ခံရကြောင်း သတင်းပေးသူဆီက သိသိချင်းမှာပဲ သူကိုယ်တိုင် အပ်ချုပ်ဆိုင်ထဲကို သွားရောက်ပြီး သက်သေ အထောက်အထား ရယူခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရလာတဲ့ ဓါတ်ပုံ အချက်အလက်တွေ အပါအဝင် အထောက်အထားအားလုံးကို ယူပြီး ဇွန်လ ကုန်ပိုင်းက ကျောက်တံတား ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ရက်ပိုင်း အတွင်းမှာ ထူးခြားမှု မရှိတဲ့ အတွက် ရဲကို တွန်းအားပေးစေဖို့ လူ့အခွင့်အရေး ကော်မရှင်ကိုသွားရောက် တိုင်တန်းခဲ့အပြီး တစ်လခွဲ အကြာမှာ ရဲစခန်းက ပြန်လည် ဆက်သွယ်လာခဲ့တယ်လို့ ကိုဆွေဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ် ကြာသပတေးနေ့ ကတော့ ရဲတပ်ဖွဲ့တာဝန်ရှိသူနဲ့ မူလတိုင်တန်းသူအပါအဝင်ကိုရော ကလေးမိဘတွေနဲ့ ဆိုင်ပိုင်ရှင်ကိုပါ လူ့အခွင့်အရေး ကော်မရှင်က ဆင့်ခေါ် ပြီး ဆွေးနွေး ညှိနှိုင်းခဲ့တယ်လို့ လည်း သူက ပြောပါတယ်။

အဲဒီမှာ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာမှာ ဆိုင်ရှင်တွေ အနေနဲ့ မိန်းကလေး တွေကို ကျွန်ပြုမှု၊ ညှဉ်းပန်း နှိပ်စက်မှု၊ လုပ်အား ခေါင်းပုံ ဖြတ်မှု စတဲ့ ကျူးလွန်မှုတွေ ရှိနေတာ တွေ့ရလို့ တရားဥပဒေအတိုင်း ဆောင်ရွက်ဖို့ မှတ်ချက်နဲ့ ဖော်ပြထားပေမဲ့ ငါး နှစ်နီးပါး ညှဉ်းပမ်း နှိပ်စက် ခဲ့ရသူတွေကို ကျပ်ငွေ သိန်း ၅၀ ပေးပြီး ကျေအေး ပေးဖို့ လူ့အခွင့်အရေး ကော်မရှင်က ကြားဝင် ညှိနှိုင်း ပေးလိုက်တာ ဖြစ်တယ်လို့ ကိုဆွေဝင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ