သံလွင်မြစ်ပေါ်ကဆည်ကိစ္စ ရှမ်းလွှတ်တော်မှာဖြေဖို့ငြင်း

  • 22 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် thanlwin
Image caption သံလွင်မြစ် တနေရာ

ရှမ်းပြည်နယ် လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီရဲ့ သံလွင်မြစ်ပေါ်မှာ ဆောက်မယ့် ရေကာတာ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ မေးခွန်းကို ရှမ်းပြည်နယ် အစိုးရ စီးပွားရေးနဲ့ စီမံဝန်ကြီးက ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ရဲ့ အမတ်လည်း ဖြစ်တဲ့ သိန္နီ မဲဆန္ဒနယ် အမတ် ဒေါ်နန်းခင်ထားရီက သံလွင်မြစ်ပေါ်မှာ ဆောက်မယ့် ရေကာတာ စီမံကိန်း အရေအတွက်၊ ရင်းနှီးမြုပ်နှံမယ့် ကုမ္ပဏီ၊ ဒေသခံရမယ့် အကျိုးအမြတ်တွေ သာမက ဆိုးကျိုးနဲ့ ဘယ်အချိန်မှာ ဆောက်မလဲဆိုတဲ့ မေးခွန်းတွေ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒါကို ရှမ်းပြည်နယ်ရဲ့ စီးပွားစီမံဝန်ကြီးက ရှမ်းပြည်နယ် အစိုးရက မဂ္ဂါဝတ် ၃၀ပဲ ခန့်ခွဲခွင့်ရတယ်လို့ ပြောဆိုပြီး မေးခွန်းတွေကို မဖြေခဲ့ဘဲ ပြည်ထောင်စု အဆင့်မှာ မေးမြန်းဖို့ ပြောဆိုခဲ့ပါတယ်။

ဖြေဆိုခဲ့တဲ့ ဝန်ကြီး ကိုယ်တိုင်ကလည်း လားရှိုး ဒေသခံတွေနဲ့ တွေ့ခဲ့တုန်းက ပြည်နယ်တွင်း စီမံကိန်း ၂၀လောက်ကို ရပ်ဆိုင်း ထားခဲ့တယ်လို့ ပြောဆိုပြီး ရှမ်းပြည်နယ် အစိုးရမှာ လုပ်ပိုင်ခွင့်တွေ အများကြီး ရှိသယောင် ပြောဆိုခဲ့တယ်လို့ ဒေါ်နန်းခင်ထားရီက ပြောပါတယ်။

ပြီးခဲ့တဲ့ လ ၁၄ရက်နေ့က ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ သံလွင်မြစ်ရေကြီးမှု ဖြစ်ခဲ့လို့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် အခုလို မေးမြန်းရတာ ဖြစ်တယ်လို့ ဒေါ်နန်းခင်ထားရီက ဘီဘီစီကိုပြောပါတယ်။

ဒါ့ကြောင့် ဆောက်လုပ်ဖို့ စီမံထားတဲ့ မိုင်းတုံ ရေကာတာသာ သံလွင်မြစ်ပေါ်မှာ ဆောက်ဖြစ်မယ်ဆိုရင် ဧရိယာ ကီလိုမီတာ ရှစ်ထောင်လောက် ရေမြုပ်မှာ ဖြစ်လို့ ဒါကို မဆောက်ဖြစ်ရေးကိုလည်း တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

ဒေါ်နန်းခင်ထားရီက ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြည်ထောင်စုအဆင့်မှာ ထပ်မံ မေးမြန်းသွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ