လူ့အခွင့်အရေး ကော်မရှင်ကို ရှေ့နေကွန်ရက်က တရားစွဲဖို့ ပြင်နေ

  • 23 စက်တင်ဘာ 2016
Myanmar Human Rights Commission
Image caption လူ့အခွင့်အရေး ကော်မရှင် ကြားဝင်ဖြေရှင်းမှု နည်းလမ်းအပေါ် ဝေဖန်နေကြ

ရန်ကုန်တိုင်း ကျောက်တံတား မြို့နယ်က အင်းဝ စက်ချုပ်ဆိုင်မှာ အလုပ်လုပ်တဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေး နှစ်ယောက်ကို ဆိုင်ပိုင်ရှင် တွေက နှိပ်စက်တဲ့ အမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ရှေ့နေ ကွန်ရက်က တရားစွဲဆိုမှာ ဖြစ်ပါတယ်။

ဒီအမှုမှာ စက်ချုပ်ဆိုင်ရှင် ဘက်က ဘက်လိုက် ဆုံးဖြတ်တယ် ဆိုပြီး အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို တရားလွှတ်တော် ရှေ့နေ ဦးရောဘတ် ဆန်းအောင်က ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်မှာ တရားလို လုပ်ပြီး တရားစွဲဆိုမယ်လို့ ပြောပါတယ်။

မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို လုံးဝ ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းဖို့ကိုလည်း သမ္မတထံ တောင်းဆိုမယ်လို့ သူကပြောပါတယ်။

လူ့အခွင့်အရေးကော်မရှင်ဟာ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက် ရမယ့်အစား စတင်ချိုးဖောက်နေရုံသာမက ပြည်တွင်း ဥပဒေ အရပ်ရပ်က တားမြစ်ထားတဲ့ လူလူချင်း ညှဉ်းပမ်းနှိပ်စက်မှု ကျူးလွန်တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုကြီးတွေကို ဥပဒေအောက် မရောက်အောင် ဆောင်ရွက်ခဲ့တယ်လို့ ဦးရောဘတ် ဆန်းအောင်က ပြောပါတယ်။

ဒါကြောင့် မှုခင်း ထိန်ချန်မှု ဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ အပါအဝင် တခြား ပြစ်မှု ပုဒ်မတွေနဲ့ စွဲဆိုနိုင်တယ်၊ အဂတိ လိုက်စားမှု ဆိုရာမှာ ငွေကြေးရယူမှ မဟုတ်ဘဲ နစ်နာသူ ဘက်ကို ပိုမိုနစ်နာအောင် ပြုလုပ်ခြင်းလည်း အကျုံးဝင်တယ်လို့ သူကဆိုပါတယ်။

တချိန်တည်းမှာပဲ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်း ဖော်ထုတ်ရေး ကော်မတီ မြန်မာနိုင်ငံ ဆိုတဲ့ အရပ်ဖက် အဖွဲ့ အစည်း တစ်ခုကလည်း မိန်းကလေး နှစ်ယောက် ညှဉ်းပန်း နှိပ်စက် ခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန် ပေါ်ပေါ်ဖို့ ဆိုပြီး စုံစမ်းရေး ကော်မရှင်ဖွဲ့စည်း လိုက်ပါတယ်။

အဲဒီအဖွဲ့က ကာယကံရှင် မိန်းကလေးတွေနဲ့ သူတို့ မိဘတွေ အပြင် လူ့အခွင့်အရေး ကော်မရှင်နဲ့ သက်ဆိုင်ရာ ရဲဖက်က တာဝန်ရှိသူတွေကိုပါ ကိုယ်တိုင် မေးမြန်းပြီး အဖြစ်မှန်ကို ဖော်ထုတ်မယ်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်း ဖော်ထုတ်ရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးဒေးဗစ် လှမြင့်က ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ အစိုးရပိုင်းက လောလောဆယ် လိုအပ်တာတွေကို ဆောင်ရွက်နေပေမဲ့ အစိုးရ အနေနဲ့က သူ့လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေကိုသာ သိရမှာ ဖြစ်လို့ လွှတ်တော်ပြင်ပက လွတ်လပ်တဲ့ အဖွဲ့ အစည်း အနေနဲ့ စုံစမ်း သိရှိရတဲ့ အချက်အလက်တွေကိုလည်း အစိုးရ၊ လွှတ်တော်နဲ့ ပြည်သူတွေ သိအောင် တင်ပြဖို့ ရည်ရွငယ်ပြီး ကော်မရှင်ကို ဖွဲ့စည်းတာလို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ