ရန်ကုန်မြို့နယ်၆ခုမှာ အမတ်တွေကိုဖုန်းနဲ့အသိပေးမှု၃၀ဝကျော်ရှိ

  • 23 စက်တင်ဘာ 2016
Image caption ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်

ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်ခြောက်ခုမှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖုန်းနဲ့ အသိပေး အကြောင်းကြားနိုင်တဲ့ စနစ်ကို တပ်ဆင်ထားခဲ့ရာမှာ တိုင်ကြားမှု ၃၀ဝကျော် လက်ခံရရှိခဲ့တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးက ဘီဘီစီကို ပြောပါတယ်။

တွံတေး၊ ကော့မှူး၊ ဆိတ်ကြီးခနောင်တို၊ ဒလ၊ ကွမ်းခြံကုန်းနဲ့ ကိုးကိုးကျွန်းမြို့နယ်တွေမှာ အဲဒီ့မြို့နယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေကို အချိန်မရွေး ဆက်သွယ်နိုင်တဲ့ ဖုန်းလက်ခံဌာနတခုကို စက်တင်ဘာ ၈ ရက်နေ့တည်းက ဖွင့်လှစ်ထားခဲ့တာ ဖြစ်ပါတယ်။

ဖုန်းလက်ခံဌာနက တပတ်တကြိမ် အကြောင်းကြားမှုတွေကို သက်ဆိုင်ရာ အမတ်တွေဆီကို ပို့ပေးနေတာ ဖြစ်ပါတယ်။

တိုင်ကြားကြတဲ့ ကိစ္စတွေမှာ မြေယာကိစ္စ၊ သမဝါယမကိစ္စ၊ သဘာဝ ဘေးအန္တရာယ်ကိစ္စ၊ အုပ်ချုပ်ရေး ယန္တရား အဆင်မပြေမှု၊ တရားရေးရာ၊ ပညာရေး၊ လမ်းတံတားနဲ့ ပိုင်ဆိုင်မှု အမှုအခင်းတွေသာမက အလုပ်တောင်းတာတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်နဲ့ အဆက်ပြတ်နေလို့ ဆက်သွယ်ပေးပါလို့ ပြောတဲ့ အမှာစကားတွေလည်း ပါဝင်တယ်လို့ ဦးကျော်ထွေးက ပြောပါတယ်။

တိုင်ကြားမှုတွေကို စစ်ဆေးရာမှာ အကြောင်းအရာနဲ့ တိုင်ကြားသူ ဘယ်သူဘယ်ဝါဆိုတာကို စီစစ်ပြီးမှ စတင်စစ်ဆေးတာ ဖြစ်ပါတယ်။

တိုင်ကြားမှုတွေကို ရရှိတဲ့လွှတ်တော်ကိုယ်စားလှယ်တွေက ကိစ္စရပ်အလိုက် တိုင်းအဆင့်၊ ပြည်ထောင်စုအဆင့် ဒါမှမဟုတ် သက်ဆိုင်ရာ ဌာနအလိုက် ခွဲခြား ဆောင်ရွက်ပေးတယ်လို့ ဦးကျော်ထွေးက ပြောပါတယ်။

လက်ရှိအချိန်အထိ တွံတေးမြို့မှာ ကမ်းပါးပြိုတဲ့ ဘေးအန္တရာယ်အပါအဝင် တခြား လမ်းတံတား၊ လယ်ယာ၊ အုပ်ချုပ်ရေး ယန္တရား အဆင်မပြေတဲ့ ကိစ္စတွေကို ဖြေရှင်းပေးခဲ့ပြီး ဖြစ်ပါတယ်။

အခုလို ဖုန်းလက်ခံဌာနကတဆင့် လွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်သွယ်နိုင်တဲ့စနစ် ထားရှိရတာဟာ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ဥပဒေပြု လွှတ်တော်တာဝန်တွေနဲ့ အချိန်မပေးနိုင်တာပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်မဲဆန္ဒနယ် အသီးသီးကို စုံလင်အောင် မသွားရောက်နိုင်ရင်ဘဲ ဖြစ်ဖြစ်၊ အချိန်ပေးနိုင်ရင်တောင်မှ စုံလင်အောင် ပြီးစီးအောင် မှတ်ထားနိုင်ဖို့ ခက်ခဲတဲ့အတွက် ဒီလို စနစ် လိုအပ်ရခြင်းဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ