နယ်သာလန်နိုင်ငံသားကို ဖမ်းဆီး

  • 26 စက်တင်ဘာ 2016
Mandalay Prayer Hall ဓာတ်ပုံ မူပိုင် Ko Wai Moe Aung
Image caption မန္တလေး တမာကုန်းရပ်က ဓမ္မာရုံ

မန္တလေးမြို့က ဝတ်ရွတ်နေတဲ့ ဓမ္မာရုံထဲကို စက်တင်ဘာ ၂၃ ရက် ည ၉ နာရီကျော်က ဝင်လာပြီး အသံချဲ့စက်ကြိုးတွေ ဆွဲဖြုတ်ခဲ့သူ နယ်သာလန် နိုင်ငံသားကို ဘာသာ သာသနာ စော်ကားမှု၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှု တို့နဲ့ ရဲတွေက ဖမ်းဆီး လိုက် ပါတယ်။

မဟာအောင်မြေ မြို့နယ်၊ ရတနာ ဘုမ္မိ အရှေ့ရပ်ကွက်၊ တမာကုန်းရပ်က ဓမ္မာရုံမှာ ဝတ်ရွတ်တဲ့ အသံကို ဆူညံတယ် ဆိုပြီး လမ်းတဖက်ခြမ်းက တည်းခိုခန်းမှာ တည်းခို နေတဲ့ Mr. KLAAS HAYTEMA က ဓမ္မာရုံထဲကို ဝင်ရောက်လာပြီး အသံချဲ့စက် ကြိုးတွေကို ဆွဲဖြုတ်ခဲ့ တာပါ။

သူ့ကို တရားလို ၂ ဦးက သာသနာ ညိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ (၄)၂/ ၁၃(၁) နဲ့ အမှုဖွင့် ထားပါတယ်။

နယ်သာလန် နိုင်ငံသားကို တရားလို ၂ ဦးက အမှုဖွင့်ထားလို့ ဖမ်းဆီး ထိမ်းသိမ်းထားပြီး ဥပဒေအကြံတောင်း တင်ထားတာ ကျလာရင် ရုံးတင်တရားစွဲဆို သွားမယ်လို့ နယ်မြေခံ အမှတ် ၉ ရဲစခန်းက စခန်းမှူး ဒုရဲမှူး ကြည်စိုးက ပြောပါတယ်။

နယ်သာလန် နိုင်ငံသား ဘက်က အမှုလိုက်ပေးဖို့ ရှေ့နေ ပါဝါတင်တာမျိုးတော့ မရှိသေးဘူးလို့ စခန်းမှူးက ပြောပါတယ်။

သူ့ကို ကနဦး စွဲဆိုထားတဲ့ ပုဒ်မတွေ အရ စုံစမ်း စစ်ဆေးပြီး အပြစ်ရှိကြောင်း ပေါ်ပေါက်ရင် ဗုဒ္ဓ ရုပ်ပွားတော်ကို နားကြပ်တပ် ထားတဲ့ ပုံနဲ့ ကြော်ငြာ လို့ အပြစ်ပေးခံရတဲ့ ရန်ကုန်က Gastro Bar မန်နေဂျာ နယူးဇီလန် နိုင်ငံသားလို နာမည်ပျက် စာရင်းသတ်မှတ်ပြီး ပြည်နှင်ဒဏ်ပေး ခံရတဲ့ အပြစ်မျိုး ခံရနိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

အသံချဲ့စက်နဲ့ ဆိုတဲ့ ဥပဒေ ရှိတဲ့ မြန်မာနိုင်ငံမှာ ဘာသာရေး အကြောင်းပြပြီး ကန့်သတ်ချက် ကျော်လွန် ဖွင့်တာတွေကြောင့် လူထု အနှောင့် အယှက် ဖြစ်တာတွေ ရှိပေမဲ့ ထိရောက်တဲ့ အရေးယူမှု မရှိတာကို ဝေဖန်မှုတွေ အမျိုးမျိုး ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ