အသစ်ပေါ်ဆင်ရေခွံဈေးကွက်နဲ့ ခြိမ်းခြောက်ခံနေရတဲ့မြန်မာ့ဆင်တွေ

  • 27 စက်တင်ဘာ 2016

ဆင်တွေကို အရေခွံဆုတ် ရောင်းပြီး တရုတ်နဲ့ ထိုင်းနိုင်ငံတွေ ဘက်ကို တရားမဝင် တင်ပို့ ဖို့အတွက် သတ်ဖြတ်တာတွေ ပဲခူးနဲ့ ရခိုင်ဒေသတွေမှာ ဖြစ်ပွားနေတယ်လို့ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် သစ်တော ဦးစီးဌာနမှူး ဦးစန်းယုက ဘီဘီစီကို ပြောပါတယ်။

ဒီနှစ်ထဲမှာ ကျောက်တံခါး မြို့နယ်နဲ့ ပဲခူးဘက်တွေမှာ ဆင်အရေခွံအတွက် ဆင်မုဆိုးတွေက အုပ်စုဖွဲ့ပြီး သတ်ဖြတ်တာ ၂မှုရှိခဲ့ပြီး အသားအတွက် သတ်ဖြတ်တာ ၂မှု ရှိခဲ့တယ်လို့ ဦးစန်းယုက ပြောပါတယ်။ ဒါပေမယ့်လည်း အာရှဆင်တွေ မျိုးသုဉ်း ပျောက်ကွယ်မှုကို ကာကွယ်နိုင်ဖို့ စုံစမ်းနေတဲ့ ဗြိတိန်အခြေစိုက် အဖွဲ့ Elephant Family ရဲ့ စုံစမ်းချက်အရ မြန်မာနိုင်ငံက ဆင်အသတ်ခံရမှု နှုန်းဟာ ဒီနှစ်ထဲမှာ အကောင် ငါးဆယ်လောက် ရှိနိုင်တယ်လို့ ဗြိတိန်သတင်းစာ ဒေးလီးမေးမှာ ဖော်ပြထားပါတယ်။

ဒီဆင်တွေကို သတ်တဲ့သူတွေကို အခုထိတော့ ဖမ်းဆီးဖော်ထုတ်နိုင်တာမျိုး မရှိသေးပါဘူး။

ဒီလို ဆင်အရေခွံအတွက် သတ်ဖြတ်မှုတွေ ဖြစ်လာတာဟာ ဆင်စွယ်မှောင်ခို ကုန်သွယ်မှုတွေ ဖြစ်အပြီး နောက်ပိုင်းမှာ ဆင်အရေခွံ ရောင်းတဲ့ ဈေးကွက် အသစ် ပေါ်လာတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ဒီလို ဆင်တွေကို သတ်ဖြတ်တာမျိုးဟာ အရေခွံအတွက် အပြင် နှာမောင်းအတွက်ပါ သတ်ဖြတ်ပြီး ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို တရားမဝင် တင်ပို့တာတွေ ရှိတယ်လို့ တောင်ငူအခြေစိုက် Save the Elephants အဖွဲ့ တည်ထောင်သူ ဦးခင်မောင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဆင်တွေရဲ႕ တလက်မရဲ့ လေးပုံသုံးပုံ အထူရှိတဲ့ အရေခွံတွေဟာ တောတွင်းမှာ တပိဿာကို သုံးသောင်းလောက် ဈေးပေါက်ပြီး တရုတ် နယ်စပ်ဘက်ကို ရောက်သွားရင်တော့ တပိဿာကို ၆သောင်းကနေ ၈သောင်းအထိ ဈေးပေါက်တယ်လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။

ထိုင်းနိုင်ငံဘက်ကတော့ ဆင်နှာမောင်းကို ကာမအားတိုးဆေးအဖြစ် ယူဆ ကြတဲ့အတွက် ရေခဲပုံးနဲ့ အအေးခံပြီး ဝယ်ယူလေ့ ရှိကြတယ်လို့လည်း ဦးခင်မောင်ဝင်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် ဆင်အရေအတွက် လေးထောင်ခန့်ရှိပြီး တောရိုင်းဆင် တထောင်ခန့်ရှိမယ်လို့ Save the Elephants အဖွဲ့က ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကျက်စားကြတဲ့ အာရှဆင်တွေဟာ တောပြုန်းမှုတွေကြောင့် စားကျက်ရှားပါးမှုတွေ ကြုံနေရတဲ့အပြင် အခုလို ခြိမ်းခြောက်မှုအသစ်တွေလဲ ကြုံနေရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ