ထွေအုပ် အပါအဝင် ဦးစီးဌာန ၅ ခုကို ပြည်ထဲရေးကပဲ ဆက်ကိုင်မယ်

  • 27 စက်တင်ဘာ 2016
Myanmar Police Force ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီး ကွပ်ကဲ

ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပါအဝင် ဦးစီးဌာန ငါးခုကို ပြီးခဲ့တဲ့ သြဂုတ်လက တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှု အောက်ကို ပြောင်းရွှေ့တယ် ဆိုတဲ့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး အခုတခါ စက်တင်ဘာလ ၂၂ ရက် ရက်စွဲနဲ့ ပြန်လည် ပြင်ဆင်ချက် ထုတ်ပြန် လာပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့က ထုတ်ပြန် ခဲ့တဲ့ ညွှန်ကြားချက်မှာ ပြည်ထဲရေးဝန်ကြီးဌာက တိုက်ရိုက် ကွပ်ကဲထားတဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အကျဉ်း ဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနတို့ကို ပြည်နယ်နဲ့တိုင်း ဒေသကြီး ဝန်ကြီးဌာနတွေ လက်အောက်ကို ပြောင်းရွှေ့ပြီး သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း ဝန်ကြီးဌာန တွေက စီမံ ကွပ်ကဲဖို့ ပါရှိပါတယ်။

ဒါဟာ အဲဒီ ဦးစီးဌာနတွေကို ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေရဲ့ လက်အောက်ကို လွှဲပေးလိုက်တဲ့ သဘောဖြစ်ပါတယ်။

အခု တခါ ပြန်လည် ပြင်ဆင် ထုတ်ပြန်ချက် မှာတော့ အဲဒီ လွှဲပေးမှုကို ပြန်လည် ရုပ်သိမ်း လိုက်တာလို့ ထုတ်ပြန်ချက် နှစ်ခုကို လေ့လာထားတဲ့ ရှေ့နေ ဦးကိုနီက ပြောပါတယ်။

ဒါပေမဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၅၆ နှင့် ၂၆၀ တို့အရနဲ့ တည်ဆဲ ဥပဒေတွေ အရ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်တွေက ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ် ညှိနှိုင်းပေးခြင်း ပြုနိုင်တယ်လို့ စာသား ပြင်ဆင်တာသာ ဖြစ်ပြီး အနှစ်သာရက အတူတူပဲလို့ ဘီဘီစီကို ပြောပါတယ်။

ရှေ့နေ ဦးကိုနီကတော့ ဒါဟာ ပြီးခဲ့တဲ့လက ညွှန်ကြားချက် မထုတ်ပြန်ခင် အခြေအနေ အတိုင်း တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ အုပ်ချုပ်ရေး ဝန်ထမ်းတွေ၊ ရဲဝန်ထမ်းတွေဟာ ပြည်ထဲရေး ဝန်ကြီးရဲ့ လက်အောက်ကို ပြန်ရောက် သွားတာလို့ ပြောပါတယ်။

မူလက ထုတ်ပြန်ချက်အရ ဖြေလျော့မှုတွေ လုပ်လာတာ ဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့် အများကြီး လျော့ကျသွားတာနဲ့ အတူပြီး ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေရဲ့ လုပ်ပိုင်ခွင့် အများကြီး မြင့်တက် လာမယ့် အနေအထား ရှိခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ အထွေထွေ အုပ်ချုပ်ရေးဌာနနဲ့ ရဲတပ်ဖွဲ့မှာ အများစု ရှိနေကြတဲ့ စစ်ဗိုလ် စစ်သားဟောင်းတွေက အရပ်သား အုပ်ချုပ်သူတွေရဲ့ လက်အောက်မှာ လုပ်ရတာကို သဘောမကျလို့ အခုလို ပြန်ထည့်သွင်းတာ ဖြစ်နိုင်ကြောင်း ဦးကိုနီက သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ