နယ်သာလန် နိုင်ငံသား ဒုတိယနေ့ ရုံးထုတ်

  • 29 စက်တင်ဘာ 2016
Image caption ဗီဇာကိစ္စတွေကြောင့် စစ်လေ့ စစ်ထ ရှိတဲ့ ပုံစံအတိုင်း အမြန် စစ်ပေး

မန္တလေး၊ မဟာအောင်မြေမြို့နယ်မှာ နယ်သာလန်နိုင်ငံသားတစ် ဦးက အသံ ဆူညံတယ်ဆိုပြီး ဓမ္မာရုံတခုမှာ ဝတ်ရွတ်နေတဲ့ အသံချဲ့စက်ကြိုးတွေကို ဖြုတ်သွားတဲ့အတွက် ဖမ်းဆီးထားတဲ့အမှုကို စက်တင်ဘာ၂၉ရက်နေ့ က ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အိုးဘိုထောင်မှာ ထိန်းသိမ်းထားတဲ့ နယ်သာလန်နိုင်ငံသား Mr. KLAAS HAIJTEMA ရုံးထုတ်စစ်ဆေးတာမှာ တရားလိုနဲ့ တရားလိုပြသက်သေ ၃ယောက် စုစုပေါင်း ၄ယောက်ကို စစ်ဆေးခဲ့ပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့ညက အဖြစ်အပျက် နဲ့ ပတ်သက်ပြီး နယ်သာလန် နိုင်ငံသား က သာသနိက အဆောက်အအုံထဲ ဝင်လာပြီး အသံချဲ့စက်ကြိုးတွေ ဝင်ရောက် ဖြုတ်ခဲ့ပေမယ့် အာဃာတ တရား မထားဘူးလို့ ဝတ်အသင်းဦးဆောင်သူ ဦးကျော်ဆန်းက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ Mr. KLAAS HAIJTEMA က တော့ သူဟာ အာရှကို ပထမဆုံး ရောက်တာဖြစ်သလို၊ မြန်မာနိုင်ငံကိုလည်း ပထမဆုံး ရောက်ဖူးတာဖြစ်ကြောင်း ဟိုတယ် မှာ နားနေတုန်း ပူအိုက်ဆူညံသံတွေနဲ့ အိပ်မရတာကြောင့် ကလေးတွေ ဆူညံ နေတယ်အထင်နဲ့ အသံလာရာကိုသွားပြီး အသံချဲ့စက် ကြိုးတွေ ဖြုတ်ခဲ့တာမှန်ကန်ကြောင်း၊ သာသနိက အဆောက်အဦးမှန်း မသိလို့ လုပ်မိတာ ဖြစ်ကြောင်းထွက်ဆိုခဲ့ပါတယ်။

နိုင်ငံခြားသားကို ထိခိုက်စေလို တဲ့ အတွက် မဟုတ်ဘဲ၊ လူစု လူဝေး နဲ့ ဆူပူမှု ဖြစ်မှာစိုးလို့ ဥပဒေကြောင်းအရ တရားလို လုပ်ရတာ ဖြစ်တယ် လို့ ဦးကျော်ဆန်း က ပြောပါတယ်။

နယ်သာလန် နိုင်ငံသားအမှုကို နေ့စဉ်ရုံးထုတ်စစ်ဆေးနေတာ ကလည်း နိုင်ငံခြားသား အမှုဖြစ်တဲ့အတွက် ဗီဇာကိစ္စတွေကြောင့် စစ်လေ့ စစ်ထ ရှိတဲ့ ပုံစံအတိုင်း အမြန် စစ်ပေး နေရတာဖြစ်ကြောင်း မဟာအောင်မြေ မြို့နယ် တရားသူကြီး ဦးဝင်းနိုင် က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ နယ်သာလန်နိုင်ငံသားနဲ့ သူ့အဖေါ်ကတော့ မီဒီယာကို လုံး၀ မပြောလိုဘူးလို့ ငြင်းသလို ရှေ့နေ ငှားရမ်း တာမျိုးလည်း မတွေ့ခဲ့ရပါဘူး။

စက်တင်ဘာ ၂၈ ရက်နေ့ တုန်းကလည်း မဟာအောင်မြေအလုပ်သမားနဲ့ လူဝင်မှု ဦးစီး အရာရှိ ဦးသောင်းဒန် က စွဲဆိုထားတဲ့ ဗီဇာ စည်းကမ်း (၄)၂ ကို ချိုးဖောက်မှု ပုဒ်မ ၁၃(၁) လဝက အက်နဲ့ အမှုလက်ခံပြီး တရားလိုဘက်ကို စတင်စ စ်ဆေးခဲ့ ပါသေးတယ်။

၁၃(၁) နဲ့ဆွဲဆိုရတာလည်း အမှုရင်းမြစ်ဖြစ်တဲ့ သာသနာ ထိပါး စော်ကားမှု ဆိုတဲ့ ကိစ္စဖြစ်လာလို့ ၁၃(၁) နဲ့ဆွဲဆိုရတာဖြစ်တယ်လို့ တရားသူကြီး ကပြောပါတယ်။

နယ်သာလန် နိုင်ငံသား အမှုကို နောက်ရက်တွေမှာလည်း ဆက်လက် ရုံးထုတ် စစ်ဆေးမှာ ဖြစ်တယ်လို့ မြို့နယ် တရားသူကြီး ဦးဝင်းနိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ