ကုန်သည်စက်မှုအသင်း အမှုဆောင်အဖွဲ့ လုပ်ငန်းရှင်ကြီးတွေ လွှမ်းမိုး

  • 29 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် UMFCCI Facebook
Image caption SME ဆိုတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင် တွေကို လက်တွဲ ခေါ်သင့်

မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လုပ်ငန်းရှင်းများ အသင်းချုပ် UMFCCI ရဲ့ ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပခဲ့ပြီး အများမျှော်လင့် ထားသလို အလုပ်မှုဆောင် အဖွဲ့သစ်တွေ အစား အဖွဲ့၀င်ဟောင်းတွေဘဲ ပြန်အရွေးခံခဲ့ရပါတယ်။

စျေးကွက် စီးပွားရေး စံနစ် တခေတ် ထွန်းလာချိန်မှာ ပေါ်ပေါက်လာတဲ့ UMFCCI အသင်းမှာ အရင်ကဆိုရင် လုပ်ငန်းရှင်ကြီးတွေ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေက လွှမ်းမိုး ကြီးစိုး ထားခဲ့ပြီး အခုအခါ အားနည်းချက် ရှိနေတဲ့ သင်းဖွဲ့ စည်းမျဉ်း ပြင်ဖို့ အရင်ဆုံး ပြင်ဖို့ လုပ်နေပါပြီ။

ပြည်နယ်နဲ့ တိုင်းက အသင်းငယ်တွေရဲ့ စွမ်းဆောင်ရည်မြှင့်ပေးဖို့နဲ့ အစိုးရနဲ့ အဲဒီ အသင်းငယ်တွေကြား ကြားခံ ပေါင်းကူး ဆက်ဆံ လုပ်ဆောင်သွားမယ်လို့ ရွေးကောက်ခံ UMFCCI ဥက္ကဌ ဉီးဇော်မင်း၀င်းက ပြောပါတယ်။

အသစ်ဖွဲ့လိုက်တဲ့ အလုပ်မှုဆောင် အဖွဲ့ ဟာ SME ဆိုတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင် တွေကို လက်တွဲ ခေါ်သင့်တယ်လို့ အလတ်စား သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင် တယောက်က အပြောပါတယ်။

တကယ်တော့ လက်ရှိအခြေအနေမှာ SME လုပ်ငန်းရှင်တွေ အနေနဲ့ ရင်းနှီးမြုပ်နှံဖို့ ငွေကြေးပိုင်ဆိုင်ရာ အပြင် ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်ဖို့ အပြင် ပြည်ပ ရင်းနှီးမြုပ်နှံသူတွေနဲ့ ပွင့်ပွင့်လင်းလင်း တိုက်ရိုက်တွေ့ပြီး အခွင့်အလမ်းတွေ ရနိုင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

UMFCCI ရဲ့ ရည်ရွယ်ချက်တွေထဲမှာ အသေးစားနဲ့ အလတ်စား SME လုပ်ငန်းတွေ တိုးတက်လာအောင် လုပ်ဆောင်ပေးဖို့ အချက်တစ်ချက် အနေနဲ့ပါဝင်ပါတယ် ။

ဒါပေမယ့် အသင်း၀င် အလုပ်မှုဆောင် ကော်မတီ၀င် လုပ်ငန်းရှင်ကြီးတွေကသာ ကြီးစိုး လွှမ်းမိုးထားခဲ့တဲ့ UMFCCI ပေါ်ထွန်းလာတဲ့ ခေတ်မှာ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေ အနေနဲ့ ပြည်ပက ရင်းနှီးမြုပ်နှံမယ့် လုပ်ငန်းရှင်ကြီးတွေနဲ့ လက်တွဲ လုပ်ပိုင်ခွင့် နည်းပါးခဲ့တယ်လို့ ပြည်တွင်းက လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

လက်ရှိ အခြေအနေမှာ အလုပ်မှုဆောင် ဖွဲ့၀င် လုပ်ငန်းရှင်ကြီးတွေ ရဲ့ လွှမ်းမိုးမှု လက်ဝါးကြီး အုပ်ခံနေရတာကို နားလည် လက်ခံပြီး ဒီလို အခြေအနေတွေကနေ တိုးတက်မှု ရှိလာအောင် အလေးထား လုပ်ဆောင်သွားမယ်လို့ ရွေးကောက်ခံ ဥက္ကဌ ဉီးဇော်မင်း၀င်းက ပြောပါတယ်။

လက်ရှိ အခြေအနေမှာ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ တံ့နေတာဟာ အစိုးရ အပြောင်းအလဲကြောင့် မူဝါဒ သစ် ဘာတွေများ ချမှတ်လာမလဲ ဆိုပြီး စောင့်နေတွေလည်းရှိပြီး အစိုးရသစ် အနေနဲ့ ဆွဲဆောင်မှု ရှိတဲ့ စီးပွားရေး မူဝါဒတွေ ချဖို့ လိုအပ်ပါတယ်။

နောက်ပိုင်းမှာ အထူးကုန်သွယ်ခွင့် ရလာပြီ ဖြစ်တဲ့ အတွက် အထည်ချုပ်လုပ်ငန်းတွေ တိုးတက်လာမှာ ဖြစ်သလို စိုက်ပျိုးရေး လုပ်ငန်းကလည်း ဖွံ့ဖြိုးလာတဲ့ အပြင် အစိုးရ အနေနဲ့ တရားမ၀င် ကုန်သွယ်မှုတွေလျော့ကျအောင် ထိန်းပေးမယ် ဆိုရင် မြန်မာ စီးပွားရေး ဉီးမော့လာဖို့ ရှိတယ်လို့ ဉီးဇော်မင်း၀င်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ လည်ပတ် လုပ်ဆောင်နေတဲ့ UMFCCI အဖွဲ့ကြီး အတွင်းမှာ ကြီးစိုး လွှမ်းမိုးမှုတွေ လျော့ကျပြီး အလုပ်မှုဆောင် အဖွဲ့သစ် အနေနဲ့ ဘယ်လောက် အောင်မြင်မှု ရအောင် လုပ်ဆောင်နိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ