အာဆီယံပါလီမန်များ အစည်းအဝေး ဖွင့်လှစ်

  • 30 စက်တင်ဘာ 2016
Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် EPA
Image caption အာဆီယံ ပါလီမန်ရဲ့ အရေးပါပုံ ကိုလည်း ထည့်သွင်း ပြောခဲ့

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ၃၇ ကြိမ်မြောက် အာဆီယံ ပါလီမန်များ ညီလာခံဖွင့်ပွဲ မှာ အဖွင့်မိန့်ခွန်း ပြောခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဒေါသတရား၊ အမုန်းတရားနဲ့ အကြောက်တရား တွေကို ဆန့်ကျင် ရပ်တည်ပေးကြဖို့ ပြောဆိုခဲ့ ပါတယ်။

လွှတ်တော်တွေရဲ့အခန်းကဏ္ဍ၊ အာဆီယံ ပါလီမန် အဖွဲ့အစည်းရဲ့ အရေးပါပုံနဲ့ ဥပဒေပြုသူ တွေရဲ့အခန်း ကဏ္ဍ အကြောင်း ဒေါ်ဆောင်ဆန်း စုကြည် ပြောခဲ့ရာမှာ ဥပဒေပြု သူတွေက ဥပဒေ ချိုးဖောက်သူ မဖြစ်သင့်ဘူး ဆိုတဲ့ ကိစ္စက ထိရောက်ပြီး နိုင်ငံတကာက အခြေ အနေတွေနဲ့သက်ဆိုင်နေတဲ့ အတွက် အာဆီယံ ခေါင်းဆောင်တွေ ကြားမှတ်သားရမယ့် စကားအဖြစ် ပြောဆို နေကြတယ်လို့ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဌ ဦးဇော်မင်းသိန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဆောင်ရွက်နေတာတွေ၊ ရှေ့ဆက်ရမယ့် စိန်ခေါ်မှုတွေနဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေကို လည်း မိန့်ခွန်းထဲမှာ ပြောသွားခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ တိုင်းရင်းသား မျိုးနွယ်စုပေါင်း များစွာ ရှိနေတဲ့အပြင် ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်တည် လာခဲ့တဲ့ ယုံကြည်မှု ပြိုကွဲခဲ့တာကြောင့် ရှေ့ခရီးမှာ ရှုပ်ထွေးလှတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပေမဲ့ ပူးပေါင်း ညှိနှိုင်းဆွေးနွေးလို တဲ့ဆန္ဒနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေက တဆင့် အေးချမ်း လုံခြုံပြီး သာယာဝပြောတဲ့ အနာဂတ် ဘုံရည်မှန်းချက်ကို လက်တွေ့ ဖော်ဆောင် နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး ကြိုးပမ်း ဆောင်ရွက်နေတဲ့အခြေအနေကိုပြောခဲ့ပြီး ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက အပြုသဘော ကူညီပံ့ပိုး ကြဖို့လဲ ဒေါ်အောင်ဆန်း စုကြည်က တောင်းဆိုလိုက်ပါတယ်။

လာမယ့်နှစ်မှာ ကျရောက်မယ့် အာဆီယံ ရွှေရတုမှာ ဥရောပ ပါလီမန်နဲ့ အလားတူတဲ့ အာဆီယံ ပါလီမာန် ထူထောင်ဖို့ ဖိလစ်ပိုင်လွှတ်တော် ဒုတိယ ဥက္ကဌက တိုက်တွန်းခဲ့တာကိုလည်း အခု အာဆီယံ အစည်းအဝေးမှာ ကန့်ကွက်သူမရှိဘူးလို့ ဦးဇော်မင်းသိန်းက ပြောပါတယ်။

ဖွင့်ပွဲနေ့ အစည်းအဝေးမှာ အမျိုးသမီးတွေနဲ့ အဖွဲ့အစည်းတွေအကြောင်း ဆွေးနွေး ခဲ့ပြီး စနေနေ့မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေး ကိစ္စတို့ကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ