ကချင် စစ်ရပ်ဖို့ အရေးကြီးအဆိုတင်

  • 30 စက်တင်ဘာ 2016
kia ဓာတ်ပုံ မူပိုင် thetlwinoo
Image caption ကေအိုင်အေနဲ့ တပ်မတော်ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ဖူး

ကချင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ရဲ့ စစ်ပွဲတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်ရတာ များနေလို့ ဆိုပြီး စစ်ပွဲတွေ ရပ်ဖို့ စက်တင်ဘာလ ၂၈ ရက် က မြစ်ကြီးနားမှာ ကျင်းပတဲ့ ပြည်နယ် လွှတ်တော်မှာ အမတ် တယောက်က အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်။

ကချင်ပြည်သူ တသိန်းကျော် စစ်ရှောင် ဒုက္ခသည် ဖြစ်နေရတာကြောင့် လက်ရှိတိုက်ပွဲတွေ ရပ်ပေးဖို့ NLD ပါတီရဲ့ ဝိုင်းမော် မဲဆန္ဒနယ် အမှတ်၂ ကိုယ်စားလှယ် ဦးနော်လီ ခေါ် ဇခေါင်ခမ်းရယ်က အဆို တင်သွင်းခဲ့တာပါ။

ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ချုံခို တိုက်ခိုက်မှုတွေကြောင့် ဒုက္ခရောက်ရတာကို စစ်ရှောင် ပြည်သူတွေက သူ့ကိုပြောတဲ့အတွက် အဆိုတင်ရတာဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်တွေ က မကန့်ကွက်ကြဘဲ နယ်လုံဝန်ကြီး ကလည်း ထောက်ခံတဲ့အတွက် သူ့အဆို အောင်မြင်ကြောင်း ဦးနော်လီက ပြောပါတယ်။

ဦးနော်လီရဲ့အဆိုကို ဒီအဆိုကိုကန့်ကွက်သူ မရှိတာကြောင့် လွတ်တော်က မှတ်တမ်းတင်ပြီး ၂ ဘက်အဖွဲ့တွေ သိဖို့ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။

၂ ဘက် လက်နက်ကိုင် တွေက လွှတ်တော် အသံကို အရေးတယူ လိုက်နာတာ မလိုက်နာတာ ကတော့ သူတို့အပိုင်းသာ ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် တာဝန်က ပြည်သူ့အသံကို အားလုံးကြားအောင် ပြန်ပြောပေးဖို့ ဖြစ်တာကြောင့် လိုက်နာမယ်လို့ ယုံကြည်ကြောင်း ဦးနော်လီက ဆိုပါတယ်။

ခုရက်ပိုင်း အစိုးရတပ်တွေက ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော်ရဲ့ စခန်းတွေကို သိမ်းဖို့ တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်လို ဖြစ်နေတယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ