ဝက်သေရွာ ဆန္ဒပြသူတွေကို တိုင်း အစိုးရ ခေါ်ယူဆွေးနွေး

  • 30 စက်တင်ဘာ 2016
Image caption ရွှေတူးဖေါ်ရေး ကုမ္ပဏီက မိုင်းခွဲတာတွေကြောင့် ဝက်သေရွာ ထိခိုက် နေရ

စက်တင်ဘာ ၂၇ ရက်က မန္တလေတိုင်း ဒေသကြီး အစိုးရ ဝန်ကြီး တွေရဲ့ ရုံးရှေ့မှာ သပိတ်ကျင်းမြို့နယ် ဝက်သေရွာက ကျေးရွာရွေ့ပြောင်းခံရမယ့် ဒေသခံတွေ ဆန္ဒပြခဲ့ ကြတဲ့ အတွက် အစိုးရ တာဝန်ရှိသူတွေက ခေါ်ယူသတိပေးခဲ့ပါတယ်။

မန္တလေးတိုင်းအစိုးရရုံးရှေ့မှာ ပထမဆုံး ဆန္ဒပြခဲ့တဲ့ ဝက်သေရွာသား ၅ယောက်ကို တိုင်းဒေသကြီး အစိုးရက ခေါ်တယ်ဆိုလို့ ဖမ်းဆီးမယ် အထင်နဲ့ တခြားရွာသား ၃၀ကျော်လောက် လည်း မန္တလေးတိုင်း အစိုးရရုံး ရှေ့မှာ အသင့် စောင့်စိုင်း နေခဲ့ ကြပါတယ်။

နယ်လုံဝန်ကြီး၊ ဥပဒေအရာရှိနဲ့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့နဲ့ ဆန္ဒပြ ခဲ့ကြသူတွေ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး ခွင့်ပြုမိန့်မပါဘဲ တိုင်း အစိုးရ ဝန်ကြီးများ ရုံးရှေ့မှာ ဆန္ဒပြခဲ့သူ ၅ ဦးကို သတိပေးပြီး ပြန်လွတ်လိုက်ပါတယ်။

ငြိမ်းစုစီ နဲ့ ငြိလို့ ခေါ်ယူပြီး ဆုံးမ တာ ဖြစ်ကြောင်း၊ ဥပဒေ အရ အရေးယူဖို့ မရှိကြောင်း၊ ရုံးရှေ့မှာ နောက်ထပ် ဆန္ဒပြမှုတွေ ထပ်မလုပ်ဘဲ ရွာ ကိစ္စ ကိုလည်း သယံဇာတ ဝန်ကြီး နဲ့ ပူးတွဲ လုပ်ဆောင်ဖို့ အတွက် တိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြောကြား ခဲ့တယ်လို့ ဝက်သေရွာသား ကိုသန်းနိုင်ဦးက ပြောပြပါတယ်။

ဝက်သေရွာ အနေနဲ့ အတည်တကျ ဖြစ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာန ဆီကို တင်ပြ ထားပြီး ပုံစံ ၁၀၅ ရရှိထားပြီး ဖြစ်ကြောင်း၊ ဒါပေမယ့် ကျေးရွာမြေနေရာ ဧက ၇၀ ကျော်ကို ဝင်ရောက် ပြီး ရွှေတူးဖော်ရေး ကုမ္ပဏီ က ခြံစည်းရိုး ခတ်ခဲ့ကြောင်း၊ ခြံစည်းရိုး ထဲမှာ ပါတဲ့ အိမ် ၄၀ ကျော် ကိုလည်း ဖျက်သိမ်း ခိုင်းခဲ့တယ်လို့ ရွာသား တစ်ဦး ဖြစ်သူ ကိုဝေမိုးအောင် က ပြောပါတယ်။

ရွှေတူးဖေါ်ရေး ကုမ္ပဏီက မိုင်းခွဲတာတွေကြောင့် ဝက်သေရွာ ထိခိုက် နေရတဲ့ ကိစ္စတွေကို ဘယ်အဖွဲ့အစည်း၊ ဘယ်အစိုးရကမှ အကူအညီမပေးလို့ မန္တလေး မြို့ပေါ်ကို တက်ဆန္ဒပြရတာ ဖြစ်တယ်လို့လည်း ကိုဝေမိုးအောင်က ပြောပါတယ်။

ရွာပိုင်မြေကို ထာဝရ ကုမ္ပဏီက ခြံစည်းရိုး ခတ်ထားတာကို ပယ်ဖျက်ပေးဖို့ အပါအဝင်၊ ရွေတူးတဲ့ ကုမ္ပဏီ အနေနဲ့ သဘာ၀ ပတ်ဝန်းကျင် မပျက်စီး အောင် ကြီးကြပ်ပေးဖို့ တိုင်းဒေသကြီး အစိုးရ ဆီ အသေး စိတ် စာတင်ပြီး ဆက်လက် တောင်းဆို သွားမယ်လို့ ဝက်သေ ရွာသား တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ