ရခိုင်ဒုက္ခသည် စခန်းတွေ ရိက္ခာ ထောက်ပံ့မှု ရပ်ဆိုင်းမယ်

  • 1 အောက်တိုဘာ 2016
Image caption စခန်းတွေကနေ အပြင်ထွက် အလုပ်လည်း သွားမလုပ် နိုင်သေး

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး/ဘာသာရေး အဓိကရုဏ်း အတွင်း မီးရှို့ခံခဲ့ရတဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ IDP တွေကို WFP ကုလ သမဂ္ဂ စားနပ်ရိက္ခာ ထောက်ပံ့ရေး အဖွဲ့က ထောက်ပံ့နေတာကို ရပ်ဆိုင်းလိုက်ပါတယ်။

တစ်ချို့ကျေးရွာတွေမှာတော့ ထောက်ပံ့မှု ကို တစ်ဝက်ခန့် လျော့ချလိုက်တဲ့ အတွက် ရိက္ခာအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

မောင်တောမြို့နယ် တောင်ပိုင်းက တိုင်းရင်းသား ကျေးရွာ ၈ ရွာကိုတော့ စက်တင်ဘာလ အတွင်းက ၂ လစာ ရိက္ခာပေးပြီး ရပ်ဆိုင်း လိုက်ပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်းက ကျေးရွာ ၁၂ ရွာကို တော့ အောက်တိုဘာလ က စပြီး နှစ်လစာ ရိက္ခာထောက်ပံ့ကာ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် WFP က ရပ်ဆိုင်း လိုက်တာ ဖြစ်ပါတယ်။

IDP စခန်းတွေကနေ အပြင်ထွက် အလုပ်လည်း သွားမလုပ် နိုင်သေးတဲ့ အတွက် ရိက္ခာ ရပ်ဆိုင်း ခံရတာက ပြဿနာတွေ ဖြစ်စေတယ်လို့ မောင်တောမြို့နယ် တောင်ပိုင်း သရေကုန်းဘောင် ကျေးရွာသား ဦးတင်မောင် က ပြောပါတယ်။

အခု ရိက္ခာဖြတ်ခံရတဲ့ သရေကုန်းဘောင် ရခိုင်ရွာဟာ၂၀၁၂ ခုနှစ်က အရေးအခင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အိမ်ခြေ ၁၁၀ ရှိပြီး လူပေါင်း ၅၀၀ ကျော်ရှိတဲ့ ကျေးရွာ တစ်ရွာ ဖြစ်ပါတယ်။

မြောက်ဦးမြို့နယ် က မီးရှို့တိုက်ခိုက်ခံခဲ့ရတဲ့ ယိုင်သည် မွတ်ဆလင် ရွာမှာတော့ ရိက္ခာတွေကို လုံး၀ ဖြတ်တောက်တာ မဟုတ်ဘဲ တစ်ဝက်လျော့ ချလိုက် တာ ဖြစ်ကြောင်း ရွာလူကြီး ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

မြောက်ဦးမြို့နယ်မှာ ရိက္ခာ လျော့ချခံလိုက်ရတဲ့ ကျေးရွာက ယိုင်သည်နဲ့ ပုရိန် မွတ်ဆလင် ကျေးရွာနှစ်ရွာ ဖြစ်ပါတယ်။

ရိက္ခာထောက်ပံ့ရေး ကို ရပ်ဆိုင်း ခဲ့ရတာ က အရေးပေါ် ကူညီ ကယ်ဆယ်ရေး အချိန် ပြီးဆုံးခဲ့ပြီ ဖြစ်တာ ကြောင့် လျော့ချရတာလို့ မောင်တောမြို့နယ် အတွင်း WFP ရိက္ခာတွေကို ကန်ထရိုက်ယူပြီး ဖြန့်ဝေပေးနေတဲ့ Action for Green Art အဖွဲ့ ဥက္ကဋ္ဌ ဦးချစ်မြက ပြောပါတယ်။

လုံခြုံရေးကြောင့် အလုပ်လုပ်ဖို့ခက်ခဲနေချိန်မှာ ရိက္ခာဖြတ်တောက်ခံခဲ့ရတဲ့ အတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်လာမှာကို ကျေးရွာသားတွေ စိုးရိမ်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ