မိတ္ထီလာပဋိပက္ခ အိမ်မဲ့ခဲ့သူတွေကို အိမ်ပြန်မပေးဖို့ ကန့်ကွက်

  • 2 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၃ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်း အတွင်း လူ၄၀ ကျော် သေဆုံးခဲ့

မိတ္ထီလာမြို့မှာ ၂၀၁၃ ခုနှစ်က ဖြစ်ခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းကြောင့် အိုးမဲအိမ်မဲ့ ဖြစ်သွားတဲ့ အစ္စလာမ် ဘာသာဝင်တွေက သူတို့ မူလပိုင်တဲ့ ရန်မျိုးအောင် ရပ်ကွက် မင်္ဂလာဇေရုံရပ်က နေရာဟောင်းမှာ ပြန်နေဖို့ ကြိုးစားခဲ့ရာမှာ ခွင့်မပြုတဲ့ အဖွဲ့အစည်း တချို့နဲ့ အောက်တိုဘာလ ၁ရက်နေ့က အချေအတင် ဖြစ်ခဲ့ကြပါတယ်။

အဲဒီလူတွေကို ထားထားတဲ့ ဒုက္ခသည်စခန်း ဖျက်လိုက်အပြီးမှာ တချို့က ချမ်းအေးသာယာ ရပ်ကွက်မှာ ခိုကပ်နေပြီး တချို့က ခရိုင် အားကစားကွင်းထဲမှာ ခိုလှုံနေခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့လကတော့ အဲဒီနေရာကနေ ဖယ်ပေးဖို့ မဟုတ်ရင် ကျူးကျော်မှုနဲ့ တရားစွဲမယ် ဆိုပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ခဲ့တဲ့အတွက် ကိုယ့်နေရာ ကိုယ်ပြန်နေဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ကြောင်း မိတ္ထိလာမြို့က ထီလာသုခ သမဂ္ဂီ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ဘီဘီစီကို ပြောပါတယ်။

အနီးအနားက လူပုဂ္ဂိုလ် အဖွဲ့အစည်း တချို့က မွတ်ဆလင်တွေ ပြန်လာနေတာကို လက်မခံဘူး ဆိုပြီး ကန့်ကွက်ခဲ့တာလို့ သိရပါတယ်။

သူတို့ရဲ့ အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်း အထောက်အထားတွေကို အရင်အစိုးရ လက်ထက်ကတည်းက သက်ဆိုင်ရာ အာဏာပိုင်တွေထံ အကြိမ်ကြိမ် ပြခဲ့ပေမယ့် လူပုဂ္ဂိုလ် အဖွဲ့အစည်း တချို့က ကန့်ကွက်နေတဲ့အတွက် လက်မခံတာလို့ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ ခုနှစ်တွေ တလျှောက်လုံး ဌာနဆိုင်ရာ အာဏာပိုင်တွေက အကြောင်း ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

နေရပ်ဟောင်းမှာ ပြန်နေခွင့် မရတဲ့အတွက် တချို့က ရသမျှစျေးနဲ့ သူတို့ မြေနေရာတွေကို ရောင်းချသွားခဲ့တယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

စာရင်းဇယားတွေအရ မိတ္ထီလာမြို့ ဘာသာရေး ပဋိပက္ခကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်နေဆဲ လူဦးရေ ၂၀၀၊ မိသားစု ၈၀ ကျော်လောက် ရှိတယ်လို့လည်း သူက ပြောပါတယ်။