အင်းဝ အပ်ချုပ်ဆိုင်မှုနဲ့ ပတ်သက်ပြီး ရဲတွေကို အရေးယူမယ်

  • 3 အောက်တိုဘာ 2016
_ava_case ဓာတ်ပုံ မူပိုင် AFP
Image caption အိမ်အကူ အမျိုးသမီး အလုပ်သမား နှစ်ယောက်ကို ကိုယ်ထိလက်ရောက် ညှင်းပမ်း နှိပ်စက်ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစုဝင် ခြောက်ဦးကို ဖမ်းဆီး ထား

ရန်ကုန် အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်တွေနဲ့ အိမ်အကူ အမျိုးသမီး အလုပ်သမား နှစ်ယောက် အမှုမှာ အရေးယူ ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တဲ့ သက်ဆိုင်ရာ ခရိုင် ရဲမှုး၊ မြို့နယ်မှုးနဲ့ နယ်ထိန်း ရဲ တို့ကို အရေးယူမယ်ဆိုပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရက ပြောလာပါတယ်။

အောက်တိုဘာ ၃ ရက် တနင်္လာနေ့က ကျင်းပတဲ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

အမှုရဲ့ သဘောသဘာဝ အရ ဖြစ်ခဲ့မှန်း သိလျင်သိခြင်း ရဲ တပ်ဖွဲ့ ဘက်က အရေးယူ ဆောင်ရွက် ရမယ့် အမှု ကိစ္စ မျိုး ဖြစ်တယ်လို့ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက လွှတ်တော် ရှေ့မှောက် ပြောဆို ခဲ့ပါတယ်။

ပြုမူဖို့ ပျက်ကွက် ခဲ့ကြတဲ့ တာဝန် အဆင့်ဆင့်က ရဲ အာဏာပိုင်တွေကို ထိထိရောက်ရောက် အရေးယူဖို့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ အနေနဲ့ ပြင်ဆင် နေပြီလို့လည်း ဆိုပါတယ်။

အင်းဝ အပ်ချုပ်ဆိုင် အမှု ကိစ္စ နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ထဲ မေးခွန်း အထုတ် ခံခဲ့ ရတာကို နယ်လုံ ဝန်ကြီး က လာရောက် ဖြေဆို ခဲ့တာ ဖြစ်ပါတယ်။

မေးခွန်း ထုတ်ခဲ့တဲ့ ကျောက်တံတား မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က လွှက်တော်ကိုယ်စားလှယ် ဒေါ်ကြည်သာက ရဲ တပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည် နဲ့ လုပ်ပုံကိုင်ပုံ တွေဟာ အားရစရာ မရှိဘူးလို့ ဝေဖန် ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ အပြင် လူအခွင့်ရေး ကော်မရှင် ကိုလည်း အရေးယူဖို့ ပြည်ထောင်စု လွှက်တော်မှာ ဆုံးဖြတ် ထားပေမယ့်လည်း အခုထိတော့ အရေးယူတာမျိုး မရှိသေးဘူးလို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အိမ်အကူ အမျိုးသမီး အလုပ်သမား နှစ်ယောက်ကို ကိုယ်ထိလက်ရောက် ညှင်းပမ်း နှိပ်စက်ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစုဝင် ခြောက်ဦးကို ဖမ်းဆီး ထားပြီး ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံးမှာ လူကုန်ကူးမှု ဥပဒေပါ ပုဒ်မတွေနဲ တရားစွဲထားပါတယ်။

ဒါ့အပြင် ကလေးသူငယ်ပုဒ်မ နဲ့ လူမှုဝန်ထမ်း ဘက်က တရားစွဲ ထားသလို၊ ရာဇဝတ်မှုကြောင်း အရ တရားစွဲ ဖို့လည်း ရဲတပ်ဖွဲ့ အနေနဲ့ အမှု တည်ဆောက် နေပါတယ်။

ဖမ်းဆီးထားသူ ခြောက်ဦးကို အခု သီတင်းပတ် ကြာသာပတေးနေ့ အောက်တိုဘာ ၆ ရက်နေ့မှာ နောက်တစ်ကြိမ် ရုံးထုတ်ဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ