ကချင်မှာ ထိုးစစ်တွေရပ်ဖို့ တောင်းဆို

  • 3 အောက်တိုဘာ 2016
Myitkyina Kachin Protest ဓာတ်ပုံ မူပိုင် EPA
Image caption မြစ်ကြီးနားက စီတာပူ မနောကွင်းမှာ လူတွေစုရုံး ဆန္ဒပြ

ကချင်ဒေသမှာ အစိုးရ တပ်မတော်ရဲ့ ထိုးစစ်တွေ ရပ်တန့်ဖို့ မြစ်ကြီးနားမြို့က မနောကွင်းမှာ လူနှစ်သောင်း လောက် အောက်တိုဘာလ ၃ ရက်နေ့က စုဝေးပြီး တောင်းဆို ဆန္ဒပြ ခဲ့ကြပါတယ်။

ကချင်ဒေသမှာ အစိုးရ တပ်မတော် ဘက်က ထိုးစစ်တွေ ပိုလုပ်လာတဲ့ အတွက် ထိုးစစ်တွေကို ချက်ချင်း ရပ်တန့်ပေးဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ ဆန္ဒထုတ်ဖေါ်ပွဲအလုပ် အမှုဆောင် ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်ပူက ဘီဘီစီကို ပြောပါတယ်။

မြစ်ကြီးနားလူထုကို ဝိုင်းမော်က ပြည်သူတွေလည်း လာရောက်ပူးပေါင်းခဲ့ကြတယ်လို့ သူက ပြောပါတယ်။

လမ်းလျှောက်ဆန္ဒပြဖို့ အစီအစဉ် ကိုတော့ မလုပ်ဖြစ်ဘူးလို့ ဒေါ်နန်ပူက ပြောပါတယ်။

ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၂ သိန်းနီးပါး အထိရှိလာတာဟာလည်း အစိုးရတပ်ရဲ့ ထိုးစစ်တွေကြောင့်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

တိုက်ပွဲတွေရပ်တန့်ဖို့ နှစ်ဘက် တပ်တွေကို တိုက်တွန်းတာ မဟုတ်ဘဲ အစိုးရတပ်ရဲ့ ထိုးစစ်တွေကြောင့် ပြည်သူတွေ အတိဒုက္ခ ရောက်ရတာမို့ တပ်မတော်ဘက် ကိုသာ ထိုးစစ် ရပ်ဖို့ တိုက်တွန်းတာလို့ ဆိုပါတယ်။

ရှမ်းပြည်နယ် အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ အစိုးရ တပ်တွေကြား တိုက်ပွဲတွေ ကြိုကြား ဖြစ်လေ့ရှိတဲ့ မုန်းကိုး မြို့နယ် ထဲက ရွာတစ်ရွာမှာလည်း အောက်တိုဘာလ ၁ ရက်နေ့က လက်နက်ကြီး ကျည်တွေ ကျခဲ့လို့ လူမမယ် အရွယ် ကလေးငယ် တစ်ယောက် သေဆုံးပြီး နောက်နှစ်ယောက်က အပြင်းအထန် ဒဏ်ရာရသွားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော်ရဲ့ လိုင်ဇာ ဌာနချုပ် အနီးမှာ အစိုးရ တပ်ဘက်က အင်အားဖြည့်တင်းမှုနဲ့ ထိုးစစ် ဆင်မှုတွေ ရှိနေတယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ