ရခိုင် ANP ပါတီ ဗဟို နဲ့ မြို့နယ် အဆင့် ခေါင်းဆောင်တွေ တွေ့ဆုံနေ

  • 3 အောက်တိုဘာ 2016
arakan_national_party_
Image caption ANP ပါတီ မြို့နယ် ပေါင်းစုံ မျက်နှာစုံညီ အစည်းအဝေး။

ရခိုင်ပြည်နယ် လွှတ်တော်မှာ နေရာ အများစု ရရှိထားတဲ့ ရခိုင် အမျိုးသားပါတီ ANP က ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့ မြို့နယ် အဆင့် ခေါင်းဆောင်တွေ မြောက်ဦး မြို့မှာ တွေ့ဆုံ နေကြပါတယ်။

မြို့နယ် အဆင့် တွေ့ကြုံ နေရတဲ့ အကြပ်အတည်းတွေ၊ ပါတီ ဗဟိုကို အကြံပြုချင် တာတွေကို နားထောင်ပြီး အခက်အခဲ တွေကို အတူတကွ ပူးပေါင်းပြီး ဖြေရှင်းသွားဖို့ အတွက် အခုလို တွေ့ဆုံ နေကြတာ ဖြစ်တယ်လို့ ANP ရဲ့ အထွေထွေ အတွင်းရေးမှုး ဦးထွန်းအောင်ကျော်က ဘီဘီစီကို ပြောပါတယ်။

အခု အစည်းအဝေးမှာ မြို့နယ် အလိုက် စာတမ်းတွေ အသီးသီး တင်သွင်း နေကြတယ်လို့ ဆိုပါတယ်။

မြောက်ဦး အစည်းအဝေး ပြုလုပ်ချိန်ဟာ ANP ပါတီတွင်း အကွဲအပြဲ တွေ ပေါ်ပေါက် နေတဲ့ ကာလ ဖြစ်တယ် လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒေါက်တာ အေးမောင် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် တို့ကို ပေါင်းစည်းထားတဲ့ ANP ပါတီတွင်း ပြန်လည် ကွဲပြား မှုတွေ ဖြစ်ပေါ် လာပြီး ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် က ခေါင်းဆောင် တွေ ANP ထဲ ကနေ ထုတ်ပယ် ခံ ထားရပါတယ်။

အဲဒီ့သူတွေဟာ အောက်တိုဘာလ ၇ ရက် နဲ့ ၈ ရက်နေ့ တွေမှာ ကျောက်တော်မြို့မှာ အစည်းအဝေး ပြုလုပ်ပြီး ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ပြန်လည် ထူထောင်မယ် ဆိုတဲ့ သတင်းတွေလည်း ကျယ်ပြန့်စွာ ထွက်ပေါ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ