မြန်မာငွေစျေးကျနေလို့ ဗဟိုဘဏ်က လုပ်ငန်းရှင်တွေကို ငွေကြေးမကစားဖို့ သတိပေး

  • 4 အောက်တိုဘာ 2016

မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး အမေရိကန် တဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်း ၁၂၉၀အထိ ဖြစ်သွား ခဲ့တဲ့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လုပ်ငန်းရှင်တွေကို ငွေကြေး မကစားဖို့ သတိပေးလိုက်ပါတယ်။

မြန်မာ ကျပ်ငွေတန်ဖိုး ကျဆင်း လာမှုအတွက် အကြောင်းရင်းကို စုံစမ်းဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လုပ်ငန်းရှင်တွေကို ခေါ်ယူ ဆွေးနွေးမှု ပြုလုပ်ရာမှာ လုပ်ငန်းရှင်တွေကို ငွေကြေး ကစားမှုတွေမှာ မပါဝင်ဖို့ အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဘဏ်ဘက်က မဟုတ်သူတွေလည်း ငွေကြေး ကစားတာတွေ ရှိကြောင်း လုပ်ငန်းရှင်တွေဘက်က တင်ပြခဲ့ပြီး ဗဟိုဘဏ်ဘက်ကလည်း ဒေါ်လာဈေး ကစားဖို့အတွက် ဒေါ်လာစုနေတဲ့ သူတွေကို ဖော်ထုတ်ဖို့ ပြောဆိုခဲ့တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ပြန်ကြားရေး အရာရှိ ဦးဝင်းသော်က ဘီဘီစီကို ပြောပါတယ်။

မြန်မာကျပ်ငွေနဲ့ အမေရိကန် တဒေါ်လာ လဲလှယ်နှုန်းဟာ စက်တင်ဘာလကတည်းက တရိပ်ရိပ် တက်လာ နေတာဖြစ်ပြီး ဒီရက်ပိုင်း အတွင်းမှာ တရက်ချင်း ခုန်တက်မှုတွေ ပိုများလာတာ ဖြစ်ပါတယ်။

အခုလို တက်လာရတဲ့ အကြောင်းရင်းတွေထဲမှာ ဒေါ်လာဝယ်စုတဲ့ သူတွေကြောင့်အပြင် ဘဏ်အပ်ငွေအတွက် အတိုးနှုန်းတွေကို ဘဏ်တွေက လျှော့ချလိုက်တာကလဲ အဓိက ကျတဲ့ အကြောင်းရင်း တခု ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ငွေလဲနှုန်း မတည်ငြိမ်တဲ့အတွက် ပြည်တွင်းက သွင်းကုန်၊ ပို့ကုန် လုပ်ငန်းတွေ ပြီးခဲ့တဲ့ လကတည်းက စပြီး ထိခိုက်မှုတွေ ရှိနေတယ်လို့ ရန်ကုန်မြို့က လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးရန်အောင်ကျော်က ဘီဘီစီကို ပြောပါတယ်။

သွင်းကုန် လုပ်ငန်းတွေမှာဆိုရင် မြန်မာငွေ ဈေးကျနေတာကြောင့် သွင်းခဲ့တဲ့ ပစ္စည်းအတွက် ဈေးကွက်မှာ လိုချင်တဲ့ ဈေးနှုန်း ပြန်ရဖို့ အခက်အခဲတွေ ရှိနေသလို ကြိုတင်ငွေရထားတဲ့ ပို့ကုန်သမားတွေ အတွက်လည်း ကုန်ကြမ်း ပြန်ဝယ်ရာမှာ မလောက်ငှတဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဦးရန်အောင်ကျော်က ပြောပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အခုလို မြန်မာငွေလဲနှုန်း မတည်ငြိမ်တာနဲ့ ပတ်သက်ပြီး သုံးသပ်မှုတွေ ပြုလုပ်နေပေမယ့် ကြားဝင် ဖြေရှင်းမှုတွေနဲ့ ပတ်သက်လို့ လုပ်ငန်းရှင်တွေဘက်က အားရမှု မရှိတဲ့အပိုင်းလည်း ရှိနေပါတယ်။

လက်ရှိအချိန်မှာ ပြည်တွင်းရွှေဈေးနှုန်းက တကျပ်သားကို ကိုးသိန်းကျော်အထိ မြင့်တက်သွားပြီး သွင်းကုန်တွေရဲ့ ကုန်ဈေးနှုန်းတွေလည်း မြင့်တက် လာနေပေမယ့် ဗဟိုဘဏ်ဘက်က ဒေါ်လာဈေးကို ထိန်းထားနိုင်တဲ့ အခြေအနေ မတွေ့ရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ