လင်းပိုင်နဲ့ငါးဖမ်းတဲ့ ဓလေ့ကို ပြသပြီး လူထုအခြေပြု ခရီးသွားလုပ်ငန်း တိုးတက်အောင်လုပ်ဖို့ရှိ

  • 5 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AungMyoChit

ဧရာဝတီ လင်းပိုင်တွေကို အသုံးပြုပြီး ငါးဖမ်းတဲ့ ဓလေ့ရှိတဲ့ မန္တလေးတိုင်းက ရွာခြောက်ရွာမှာ အစိုးရ၊ လူမှု အဖွဲ့အစည်းနဲ့ ဒေသခံတွေ စုပေါင်းပြီး လူထု အခြေပြု ခရီးသွားလုပ်ငန်း တိုးမြှင့်ရေး လုပ်ဆောင်သွားမယ်လို့ သားငှက် ထိန်းသိမ်းရေးအဖွဲ့ WCF ရဲ့ ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး စီမံကိန်း မန်နေဂျာ ဦးကျော်စွာသိန်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီ လင်းပိုင်တွေ ကျက်စားတဲ့ ရွာတွေထဲမှာ မန္တလေးတိုင်း မတ္တရာနယ်က ရွာလေးရွာနဲ့ စဉ့်ကူးနယ်နားက ရွာနှစ်ရွာတို့ပါဝင်ပြီး ရှိမ်းမကားရွာသစ်နဲ့ ဆင်တောင် ကျေးရွာတွေကိုလည်း ထည့်သွင်းပြီး ဒီစီမံကိန်းကို စတင်မယ်လို့ ဦးကျော်စွာသိန်းက ပြောပါတယ်။

ဧရာဝတီ လင်းပိုင်တွေနဲ့ ဒေသခံ တံငါသည်တွေ ပူးပေါင်းပြီး ငါးဖမ်းကြတာကို ခရီးသွားတွေဘက်က အဓိက စိတ်ဝင်စားကြတယ်လို့ သိရပါတယ်။

တံငါသည်တွေက ငါးရှာထွက်တဲ့အခါမှာ လင်းပိုင်တွေကို သူတို့ဆီကို လာအောင် အရင်လုပ်လိုက်ပြီး၊ အဲဒီ လင်းပိုင်တွေရဲ့ လမ်းပြကူညီမှုနဲ့ ငါးအုပ်တွေ ကို တွေ့ပြီး ကွန်ပစ် ကာ ငါးဖမ်းနိုင်ကြပါတယ်။

ကွန်ပစ်ရာကနေ ကွန်က ခဲသီးနဲ့ထိလို့ မူးဝေသွားတဲ့ ငါးတွေကို လင်းပိုင်တွေ ကလည်း အလွယ်တကူ စားနိုင်တဲ့အတွက် လင်းပိုင်နဲ့တံငါသည်တွေ နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့ ငါးဖမ်းတဲ့ပုံစံဖြစ်တဲ့အကြောင်း ဦးကျော်စွာသိန်းက ရှင်းပြပါတယ်။

အရင်ကတည်းက ဒီလို ဧရာဝတီလင်းပိုင်တွေကို ခရီးသွားတွေ လေ့လာတဲ့ ခရီးစဉ်တွေ ရှိပေမယ့် ခရီးသွားတွေက လှေပေါ်ကပဲ လေ့လာပြီး ပြန်သွားလို့ ဒေသခံတွေ အတွက် အကျိုးကျေးဇူးသိပ် မရခဲ့ဘူးလို့ ဦးကျော်စွာသိန်းက ပြောပါတယ်။

ဒါ့ကြောင့် ခရီးသွားတွေ ဒီတံငါသည်တွေရဲ့ ရွာမှာနေပြီး လင်းပိုင်တွေကို လေ့လာရင် ဒေသခံတွေအတွက် ပို အကျိုးရမှာမို့ ဒေသခံတွေရဲ့ ရွာတွေကို တိုးတက်လာအောင် လုပ်ဖို့ သူတို့ ရည်ရွယ်လုပ်ကိုင်နေကြတာပါ။

ရွာသားတွေ ရွာကိုသန့်သန့်ရှင်းရှင်း ထားနိုင်ရေးအတွက် စနစ်ကျတဲ့ အမှိုက်ပစ် စနစ်နဲ့ အကျွမ်းဝင်အောင် သင်တန်းပေးနေပြီး ခရီးသွားတွေက ရွာတွေမှာ ရေရှည် တည်းခိုနေချင်အောင် ချက်ပြုမှုသင်တန်းနဲ့ ဝန်ဆောင်မှုသင်တန်းတွေ စပေးနေပြီဖြစ်ပါတယ်။

ဒီသင်တန်းပေးတာတွေကို လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့က ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနဲ့ ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပြီး ခရီးသွားတွေ ပိုပြီးလာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ