မြန်မာက အရှေ့အာရှမှာ စီးပွားရေးတိုးတက်မှုနှုန်း အမြင့်ဆုံး

  • 5 အောက်တိုဘာ 2016
myanmar, money, currency ဓာတ်ပုံ မူပိုင် AFP
Image caption ဒီနှစ်စီးပွားရေး တိုးတက်မှုနှုန်း ၇.၈ ရာခိုင်နှုန်းရှိမယ်

မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်ဖို့အတွက် စိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း ဒီနှစ်ကစလို့ အခုလာမယ့် ၃ နှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း ဆက်လက် အားကောင်းမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဒီနေ့ထုတ်ပြန်တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၇.၈ ရာခိုင်နှုန်းထိ တိုးလာပြီး နောက် ၂ နှစ်မှာတော့ ၈ ရာခိုင်ကျော် တိုးတက်မယ်လို့ ခန့်မှန်းပါတယ်။

ဒီတိုးတက်မှုနှုန်းဟာ ဒေသတွင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အခုနှစ်မှာ ၆.၇ ရာခိုင်နှုန်းနဲ့ အရှေ့အာရှ ဒေသတစ်ခုလုံးအနေနဲ့ ဆိုရင်တော့ ၂၀၁၆ ခုနှစ်မှာ ၅.၈ ရာခိုင်နှုန်း နဲ့ ၂၀၁၇-၁၈ ခုနှစ်မှာ ၅.၇ ရာခိုင်နှုန်း အသီးသီး မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။

အခုလို စီးပွားရေးတိုးတက်နိုင်တာက မြန်မာနိုင်ငံမှာ အရင်က မလုပ်ဖူးသေးတဲ့ စီးပွားရေးလုပ်ငန်းသစ်တွေ လုပ်ဖို့ အခွင့်အလမ်းတွေ ရှိနေတာ၊ ရင်းနှီးမြှပ်နှံမှုတိုးလာနိုင်တာ နဲ့ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးလာနိုင်တဲ့ အလားအလာတွေကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘောဂဗေဒပညာရှင် ဒေါ်မေသက်ဇင်က မေးကြည့်ပါတယ်။

စီးပွားရေးတိုးတက်မှုနှုန်း မြင့်နေပေမယ့် ဒီတိုးတက်မှုနှုန်းကို ဆက်ထိန်းထားနိုင်ဖို့အတွက် စိန်ခေါ်မှုတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

လျှပ်စစ်လို အခြေခံအဆောက်အအုံတွေ ပြင်ဆင်ထားမှု၊ ငွေလဲလှယ်နှုန်း ပြောင်းလွယ် ပြင်လွယ်ရှိမှု၊ နိုင်ငံတကာနဲ့ ပိုထိတွေ့လာတဲ့အခါ ရင်ဆိုင်ရတဲ့ ပြင်ပဖိအား၊ အစိုးရလုပ်ငန်းတွေမှာ ငွေအများအပြားသုံးစွဲရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ဘဏ္ဍာရေးလိုငွေပြမှု စတာတွေကို ရင်ဆိုင်ရဖို့ ရှိတယ်လို့ ဒေါ်မေသက်ဇင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ