ကျွန်ပြု ခိုင်းခံရတာက လွတ်လာတာ နှစ်ချီနေပေမယ့် နစ်နာကြေး ရဖို့ အလှမ်းဝေး

  • 6 အောက်တိုဘာ 2016
_indonesia_myanmar_fishing_boat_slavery
Image caption မြန်မာနိုင်ငံကို ပြန်ရောက်လာသူ ဦးရေ ငါးရာ ဝန်းကျင် ရှိသွားပြီ။

ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံ ရေပိုင်နက် တွေထဲ ငါးဖမ်း လှေတွေပေါ် ခေတ်သစ် ကျွန်တွေ သဖွယ် ခိုင်းခံခဲ့ရပြီး အင်ဒိုနီးရှား ကျွန်းတွေမှာ ရောင်းစား ခံခဲ့ရတဲ့ မြန်မာ လုပ်သားတွေဟာ ပြန်လည် လွတ်မြောက်ပြီး နေရပ်ကို ရောက်ရှိ ခဲ့ကြတာ နှစ်နဲ့ချီ ကြာမြင့်ပြီ ဖြစ်ပေမယ့်လည်း ဆုံးရှုံး ခဲ့ရတဲ့ လုပ်ခ လစာတွေ၊ နစ်နာကြေးတွေ အခု ထက်ထိ မရနိုင် ဖြစ်နေတဲ့ အတွက် ဒီ အရေး ဖြေရှင်း ပေးဖို့ မြန်မာ အစိုးရကို စုပေါင်း တောင်းဆို ခဲ့ကြ ပါတယ်။

အင်ဒိုနီးရှား ကနေ မြန်မာ နိုင်ငံကို ပြန်လည် ခေါ်ဆောင် လာခဲ့တုန်းကတော့ အင်ဒိုနီးရှားနဲ့ မြန်မာ အာဏာပိုင် တွေက နစ်နာ ခဲ့ရသမျှ တွေ ကို ၆ လ အတွင်း ပြန်လည် ရရှိအောင် ပြုလုပ် ပေးမယ် ဆိုတဲ့ ကတိကဝတ် မျိုး တွေ ပြုခဲ့တယ်လို့ ကိုယ်တိုင် တွေ့ကြုံ ခံစား ခဲ့ရပြီး ပြန်လည် လွတ်မြောက် လာခဲ့သူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာ ရောင်းစား ကျွန်ပြုခံရတဲ့ မြန်မာ ရေလုပ်သားတွေ အကြောင်း နိုင်ငံတကာ မီဒီယာတွေက ဖော်ထုတ် ရေးသားခဲ့တဲ့နောက် ၂၀၁၅ မေလ က စလို့ ရေလုပ်သားတွေကို အစိုးရချင်း ချိတ်ဆက်ကာ ပြန်လည် ခေါ်ယူ ခဲ့တာမှာ မြန်မာနိုင်ငံကို ပြန်ရောက်လာသူ ဦးရေ ငါးရာ ဝန်းကျင် ရှိသွားပြီလို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

လွတ်မြောက် လာသူတွေ နေရပ် ပြန်ရောက်တာ တစ်နှစ် ကျော် ကာလ အတွင်း လုပ်ခနဲ့ နစ်နာကြေးတွေနဲ့ ပတ်သက်ပြီး ဘာမှ ထူးခြား လာတာ မရှိတဲ့ အတွက် ၂ဝ၁၆ အောက်တိုဘာ ၅ ရက်နေ့ တုန်းကတော့ ရန်ကုန်က မြန်မာ ဂျာနယ်လစ် ကွန်ယက် ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး အစိုးရက တာဝန်ယူ စီမံပေးဖို့ တောင်းဆို လာတာ ဖြစ်ပါတယ်။

ကျွန်ပြု ခိုင်းစေ ခံခဲ့ရသူတွေ အနေနဲ့ နစ်နာ ခဲ့ရသမျှ အတွက် သက်ဆိုင်ရာ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေဆီ ဥပဒေကြောင်း အရ တရား စွဲဆို တောင်းဆို နိုင်ဖို့ ဆိုရင် အစိုးရချင်း ချိတ်ဆက်ပြီး ဆောင်ရွက် ပေးမှ ဖြစ်လိမ့်မယ်လို့ ရေလုပ်သားတွေ မြန်မာနိုင်ငံ ပြန်ရောက်အောင် ကြားဝင် လုပ်ဆောင် ပေးခဲ့တဲ့ နိုင်ငံတကာ ရွေ့ပြောင်း ဝင်ရောက်မှု ဆိုင်ရာ အဖွဲ့အစည်း IOM က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ