တပ်ကို ရန်သူလိုမမြင်သင့်၊ ဦးရဲထွဋ်ဆို

  • 12 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Phyo Min Thein FB
Image caption ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း

အသွင်ကူးပြောင်းရေးကာလမှာ တပ်မတော်ကို ရန်သူအဖြစ်မမြင်ဘဲ လုပ်ဖော်ကိုင်ဖက် အဖြစ်မြင်တာက ပိုအကျိုးရှိမယ်လို့ အရင်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်က ကာကွယ်ရေးဦးစီးချုပ်ဟာ ညွှန်ချုပ် အဆင့်ပဲရှိတယ်လို့ ပြောတဲ့အပေါ် ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ ဦးရဲထွဋ်က သူ့သဘောထားကို တုန့်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကာကွယ်ရေးဦးစီးချုပ်ဟာ ပရိုတိုကောလ်လို့ ခေါ်တဲ့ နိုင်ငံတော်အင်္ဂါစဉ်အရ ညွှန်ချုပ်အဆင့်ပဲရှိပေမယ့် နိုင်ငံ အကြီးအကဲအဆင့်ထဲမှာ ထည့်ဆက်ဆံနေရတာဟာ ဒီမိုကရေစီ စနစ်မဟုတ်ဘူးလို့ ဇူလိုင်လ ၉ ရက်နေ့က လုပ်တဲ့ နိုင်ငံရေး အကျဉ်းသားများအတွက် အလုပ်အကိုင် ဖန်တီးပေးရေး အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ မီဒီယာ စီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ဆိုတာ ဒီမိုကရေစီစနစ်မှာ မရှိဘူးလို့လည်း သူကဆိုပါတယ်။ စစ်တပ်ဟာ အရပ်သားအစိုးရရဲ့ အမိန့်ကို နာခံရတာ ဖြစ်တဲ့ အတွက် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ မရှိဘူး သူက ဆိုပါတယ်။

ဦးရဲထွဋ်ကတော့ အရပ်ဖက် စစ်ဖက် ဆက်ဆံရေးဆိုတာ လူ့အဖွဲ့အစည်းနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဆက်ဆံရေးကိုဆိုလိုတာဖြစ်ပြီး အစိုးရနဲ့ စစ်တပ် ဆက်ဆံရေးဟာ အဲဒီလူ့အဖွဲ့အစည်းနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဆက်ဆံရေးတခုလုံးရဲ့ အစိတ်အပိုင်းတခုသာဖြစ်တယ်လို့ ဆိုပါတယ်။ ဦးဖြိုးမင်းသိန်းဟာ ဒီပညာရပ်ကို ထဲထဲဝင်ဝင်မသိဘဲ ပြောတာဖြစ်မယ်လို့ သူက ဆိုပါတယ်။

တချိန်မှာ ဒီမိုကရေစီ အပြည့်အဝရသွားရင်တော့ တပ်မတော်ဟာ နိုင်ငံရေးလောကက ဆုတ်ခွာသွားမယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

အစိုးရက ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ ပြည်ထောင်စု အင်္ဂါစဉ်ထဲမှာတော့ ကာကွယ်ရေး ဦးစီးချုပ်ဟာ အဆင့် ၈ ရှိတဲ့ နိုင်ငံ့ခေါင်းဆောင် အဖြစ်ဖော်ပြထားပါတယ်။