နောက်ဆုံး ရေးသားချိန် 13 ဧပြီလ 2010 - 19:43 GMT

သင်္ကြန်တွင်း ကုန်သွယ်မှုအေးနေ

china burma border

တရုတ်မြန်မာ ကုန်သွယ်ရေး အချက်အချာ ကြယ်ခေါင်ဂိတ် မုခ်ဦး

သင်္ကြန်တွင်း ကာလဖြစ်တဲ့ အတွက် တရုတ်မြန်မာ နယ်စပ် ကုန်သွယ်ရေးဟာ အရင်နဲ့ နှိုင်းယှဉ်ရင် ပို့ကုန်ရော သွင်းကုန်တွေပါ ယာယီအားဖြင့် နည်းနေပါတယ်။

မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံ ကတော့ ကုန်သွယ်ရေး လုပ်ငန်းတွေ အတွက် ရုံးပိတ်ရက်မရှိ ပုံမှန် ဖွင့်မြဲ ဖွင့်ထားပေမယ့် ကုန်ကားတွေကိုက အတက်အဆင်း သိသိသာသာ လျော့ကျသွားပါတယ်။

အရောင်းအဝယ် လုပ်ထားပြီးသား ကုန်စည်တချို့ ဆက်လက် သွားလာနေကြတဲ့ အတွက် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသွားတဲ့ အခြေအနေမျိုး အထိ မရောက်ဘဲ ပို့ကုန်ရော သွင်းကုန်ပါ ခပ်ပါးပါးနဲ့ ဆက်လက်ရှိနေပါတယ်။

မြန်မာ့ပို့ကုန် လယ်ယာထွက်ကုန် ဖြစ်တဲ့ လာနေကျ ပဲအမျိုးမျိုး ဆက်လက် လာနေတာ တွေ့ရသလို ဆီးသီးခြောက် ဆီးဆံနဲ့ မန်ကျီးသီးမှည့် တွေလည်း ဆက်ပြီး လာပါတယ်။

ဒီရက်ပိုင်းအတွင်း ထူးထူးခြားခြား စတင်ဝင်ရောက် လာတာကတော့ ပေါ်ဦးပေါ်ဖျား မြန်မာ သရက်သီးတွေဘဲ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ ၁၁ ရက်နေ့က သရက်သီး ၅တန်ကျော် ဝင်လာပြီး တနင်္လာနေ့ ၁၂ရက်နေ့ ကတော့ သရက်သီး ၂ရတန် အထိ ဝင်လာပါတယ်။

သရက်သီး တတန်ကို လက်ရှိအားဖြင့် ၂၅ဂ ဒေါ်လာနှုန်း သတ်မှတ်တွက်ချက် ဂျူတီဆောင် ရပါတယ်။

တန်ချိန် ပမာဏအားဖြင့် မများလှပေမယ့် မကြာမီ ရာသီကုန် ဖြစ်တဲ့ သရက်ရာသီ စတော့မယ့် သဘော ဖြစ်ပါတယ်။

ထူးထူးခြားခြား ကုန်အဖြစ် ကြိမ်အသေးလေး တွေလည်း ဝင်ပါတယ်။

ကြိမ်သေး တတန်ကို ဂဂ၂ ဒေါ်လာနှုန်း သတ်မှတ် တွက်ချက် အခွန်ဆောင် ရပါတယ်။

တောင်ထန်း ၊ မာလာဥ ၊ ကွမ်းစာဂမုန်း ၊ ဝဥခြောက်နဲ့ ဂျင်းခြောက်တွေလည်း အနည်းအပါးစီ ဝင်ပါတယ်။

မြန်မာနိုင်ငံဖက် သွားနေတဲ့ သွင်းကုန် တရုတ်ပို့ ကုန်စည်တွေ ဖြစ်တဲ့ ဆောက်လုပ်ရေး ပစ္စည်း အမျိုးမျိုး ၊ ပလပ်စတစ် ပစ္စည်းမျိုးစုံ ၊ ဓါတ်မြေသြဇာ ၊ ဓါတ်ဗူး ၊ ဓါတ်ဗူး ၊ ဓါတ်ခဲတွေနဲ့ ဓါတ်မီး အမျိုးမျိုး တင်ပို့နေပါတယ်။

ဓါတ်မီးတွေက လက်နှိပ် ဓါတ်မီး ၊ လက်ဆွဲ ဓါတ်မီးတွေ သာမက ဓါတ်ခဲ အသေးစား ထည့်ပြီး အသုံးပြုရတဲ့ နဖူးစည်း ဓါတ်မီး ဆိုတာတွေပါ တရုတ်ပြည်ဖက် တင်သွင်းလျက် ရှိပါတယ်။

တရုတ် မြန်မာနယ်စပ်မှာ ငွေလဲနှုန်းကတော့ မြန်မာကျပ်ငွေ ၁ဝဝဝ ဟာ တရုတ်ငွေ ၆ယွမ်နဲ့ ဂ၅ပြား ဖြစ်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။