နောက်ဆုံး ရေးသားချိန် 14 ဧပြီလ 2010 - 01:34 GMT

သင်္ကြန်ကာလဖြစ်ပေမယ့် ကုန်စီးဆင်းမှု ဆက်ရှိနေ

construction materials

မြန်မာပြည်ဖက် ပို့ကုန်ဖြစ်တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ

အခုရက်ပိုင်းဟာ သင်္ကြန်ကာလ ဖြစ်တာကြောင့် မဲဆောက် မြဝတီ နယ်စပ် ကုန်သွယ်ရေး အရောင်းပါး သွားပေမယ့် မြန်မာ ကုန်သည်တွေက ထိုင်းဖက်ကို လာပြီး ကုန်ပစ္စည်း သယ်ယူမှုတွေတော့ ရှိနေပါတယ်။

ဒီပစ္စည်းတွေဟာ မြန်မာ ကုန်သည်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မှာထားတဲ့ ပစ္စည်းတွေ ဖြစ်ပြီးတော့ ပစ္စည်းသစ် အဝယ်ရပ်ထားတယ်လို့ ကုန်သည် တယောက်က ပြောပါတယ်။

သင်္ကြန်ရက် ဖြစ်လို့ ခရီးသည်တွေ အဆင်းများတော့ ဆင်းလာတဲ့ သူတွေအားလုံး ဘတ်ငွေပဲ ကိုင်လာတာကြောင့် ဘတ်ဈေး ဆက်ကျပြီး မြန်မာကျပ်ဈေး တက်မယ့် အနေအထား ရှိနေတယ်လို့ ကုန်သည် တယောက်က ပြောပါတယ်။

ဒါကြောင့် လူတွေက ပစ္စည်းတွေ မဝယ်ရဲဘူး ၊ ဒါကြောင့် ဝယ်ပြီးသား ပစ္စည်းတွေကိုဘဲ သယ်နေကြတာ ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

မြန်မာဘက်ကို သွားနေတဲ့ ပစ္စည်းတွေကတော့ သံပြား ၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ အများဆုံး ဖြစ်ပါတယ်။

တခြားကုန်တွေကတော့ ရာဘာဖိနပ် ၊ ပလပ်စတစ် ပစ္စည်းတွေနဲ့ တခြား လူသုံးကုန် ၊ အိမ်သုံးကုန် ပစ္စည်းတွေ ဖြစ်ပါတယ်။

စားသောက်ကုန် တွေကတော့ ကြက်ဥ ၊ ဘဲဥ ၊ အသီးအနှံ မျိုးစုံနဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကနေ ထိုင်းဖက်ကို ပြန်ပြီး တင်ပို့လာတဲ့ ပစ္စည်းတွေကတော့ ရေထွက် ပစ္စည်း ငါး ၊ ပုဇွန်နဲ့ ဂဏန်းတွေ လောက်ဘဲ တွေ့ရပါတယ်။

တခြား ပစ္စည်းတွေကတော့ မြန်မာ ရွေ့ပြောင်း အလုပ်သမား ဈေးကွက် အတွက် တင်ပို့လာတဲ့ ဆိတ်သားခြောက် ၊ ဆတ်သားခြောက် ၊ ငါးရံ့ခြောက် ၊ ပုဇွန်ခြောက် ၊ လဘက်ညွန့်နဲ့ ယိုစုံတွေ ဖြစ်ပါတယ်။

မနေ့က ဈေးပိတ်ချိန်မှာ ထိုင်းအထည် ရွှေတဘတ်သားဟာ ထိုင်းဘတ် ၁ရရဝဝ နှုန်းဖြစ်ပြီးတော့ မဲဆောက် မြဝတီ ဈေးကွက်မှာ ငွေလဲနှုန်းဟာ ကျပ်တရာကို ထိုင်းဘတ် ၃ဘတ်၂၄ပြားခွဲနှုန်းနဲ့ ဈေးပိတ် သွားခဲ့ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။