မြန်မာပို့ကုန်ထဲမှာ ဆီးသီးခြောက်တွေ အများဆုံးဖြစ်

china trade
Image caption တရုတ် ကုန်သွယ်ရေး အမှတ် တံဆိပ်ပြသ

တရုတ် မြန်မာ နယ်စပ် ကုန်သွယ်ရေးရဲ့ အချက်အချာ မူဆယ် ၁ဝ၅မိုင် လမ်းကြောင်းကြီးကနေ ဝင်လာနေတဲ့ မြန်မာ ပို့ကုန်တွေ ထဲမှာ အခုတလော အဝင် အများဆုံး နံပါတ်တစ် ပို့ကုန် ကတော့ ဆီးသီးခြောက်တွေ ဖြစ်ပါတယ်။

ဒီနှစ်ရက် သုံးရက် အတွင်းမှာ တရက်ကို အနည်းဆုံး တန်ချိန် ၂ဝဝ ကျော်ကနေ တန်ချိန် ၃၆ဝ အထိ ဝင်ပါတယ်။

ဒုတိယ နေရာက လိုက်နေတာကတော့ ရာသီကုန် မြန်မာ သရက်သီးတွေ ဖြစ်ပြီး တရုတ် နိုင်ငံဖက်ခြမ်းမှာ ဈေးကွက်ဝင်တဲ့ စိန်တလုံးနဲ့ ရွှေဟင်္သာ သရက်မျိုးကောင်း နှစ်မျိုးဘဲ တိုးတိုးပြီး ဝင်လာနေပါတယ်။

တရုတ်ကြိုက် ကုန်တမျိုးဖြစ်တဲ့ ပဲတီစိမ်း (ရွှေဝါစ) တွေကတော့ နေ့စဉ် ကားကြီး စင်းရေ ငါးစီးဝန်းကျင်နှုန်းလောက် ဝင်နေပြီး ပဲတီစိမ်း (ရွှေဝါ) ပုံမှန်စက ၁ ကီလို ၁၁.၆ယွမ် ဇကာချ အကောင်းစက ၁ကီလို ၁၂ယွမ် ဝန်းကျင်အထိ ဈေးရှိပါတယ်။

ပြောင်းဖူးစေ့နဲ့ နှံစားပြောင်းတွေလည်း ဝင်မြဲဝင်သလို ပမာဏမများပေမယ့် တန်ဖိုးများလှတဲ့ ဆီးဆံတွေလည်း ခုနှစ်တန် နီးပါး ဝင်တာ တွေ့ရပါတယ်။

ဆီးဆံဟာ ၁တန်ကို ဒေါ်လာ ၄၇ဝ၅ ဒေါ်လာ မြန်မာငွေအားဖြင့် သိန်း၄ဝ အထိ တန်ဖိုး သတ်မှတ် အခွန် ပေးဆောင်ရတဲ့ ကုန်စည်ပါ။

ဒီရက်ပိုင်း အတွင်း ကြက်ဆူစေ့ တွေလည်း တန်ချိန် ရာနဲ့ချီ ဝင်လာနေသလို ဝဥခြောက် ၊ မျောက်ဥခြောက် ၊ ဖန်ခါးသီးခြောက် ၊ ဒါ့ရင်ကောက်မြစ်ခြောက်နဲ့ နနွင်းတက် တွေလည်း ဝင်ပါတယ်။

မြန်မာနိုင်ငံဖက် သွားနေတဲ့ သွင်းကုန် တရုတ်ကုန် တွေကို ကြည့်ရင် ခုတလော တရုတ် ဓါတ်မြေသြဇာတွေ တိုးတိုးပြီး သွားနေတာ တွေ့ရပါတယ်။

နေ့စဉ် ပျှမ်းမျှ ကားကြီး စင်းရေ ၂ဝ ကျော်လောက် သွားနေပြီး ဓါတ်မြေသြဇာ ဈေးတွေလည်း တက်လာပါတယ်။

အဆွဲများတဲ့ ရွှေတောင်ကြီး တံဆိပ် ပုလဲ ဓါတ်မြေသြဇာ တတန်ဟာ လက်ရှိပေါက်ဈေး ယွမ် ၁၉ဝဝနဲ့ ၁၉၂ဝ ကြားမှာ ရှိပါတယ်။

ဖရောင်းနဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်း မျိုးစုံ သွားနေတာ တွေ့ရသလို စက်ပစ္စည်း မျိုးစုံ အဝတ်အထည် ၊ ဆိုင်ကယ်နဲ့ ဆိုင်ကယ် အပိုပစ္စည်း မျိုးစုံတွေအပြင် ပန်းသီးနဲ့ ပျားလိမ္မော် တွေလည်း ကားစီလုံးတိုက် သွားနေပါတယ်။

တရုတ်မြန်မာ နယ်စပ်မှာ လက်ရှိ ငွေလဲနှုန်းကတော့ မြန်မာကျပ် တထောင်ဟာ တရုတ်ငွေ ၆ယွမ်နဲ့ ၈၆ပြား ဖြစ်ပါတယ်။