မဲဆောက် မြဝတီ နယ်စပ်ကုန်သွယ်ရေး သိသိသာသာ ကျဆင်း

Image caption မဲဆောက် မြဝတီ နယ်စပ်ဂိတ်

အခုရက်ပိုင်းမှာ မဲဆောက် မြဝတီ နယ်စပ် ကုန်သွယ်ရေးဟာ သိသိသာသာ ကျသွားပါတယ်။

အဓိက ထိုင်းတင်ပို့ကုန် ဖြစ်တဲ့ ဘိလပ်မြေ ၊ ကြွေပြား အစရှိတဲ့ အိမ်ဆောက် ပစ္စည်းတွေ မြန်မာဖက်ကို သွင်းလာမှု ရပ်ဆိုင်းလု နီးပါး ဖြစ်သွားပါတယ်။

ဒါပေမယ့် ဂျပန် နိုင်ငံက လာတဲ့ တပတ်ရစ် ကားနည်းနည်း ပါးပါးလောက် သွားတာ ရှိတယ်လို့ ကုန်သည် တယောက်က ပြောပါတယ်။

ဂျပန် တပတ်ရစ်ကားတွေ တနေ့ကို အနည်းဆုံး အစီး ၅ဝလောက် ပုံမှန် မြန်မာဖက်ကို တင်သွင်းနေတယ် လို့လည်း ဆိုပါတယ်။

ပြီးရင် မြန်မာကုန်သည် တွေက လာဝယ်ပြီး လိုင်စင် ကပ်ပြား လဲကပ်ကာ ငြိမ်းချမ်းရေး အဖွဲ့ဝင် တယောက်ယောက်အား ငှားရမ်း မောင်းခိုင်းပြီး မြန်မာပြည် အောက်ပိုင်းဖက်ကို ဆင်းလာတယ်လို့ ရှင်းပြခဲ့ပါတယ်။

ဂျပန်ကလာတဲ့ တပတ်ရစ် ပစ္စည်း နောက်တမျိုး ဖြစ်တဲ့ စက်ဘီးတွေလည်း မြန်မာဖက်ကို သွားနေတယ်လို့ သိရပါတယ်။

ထိုင်းကို ဖြတ်ပြီး မြန်မာနိုင်ငံကို သွားနေတဲ့ ပစ္စည်း နောက်တမျိုးကတော့ မလေးရှားက လာတဲ့ စားအုန်းဆီတွေဘဲ ဖြစ်ပါတယ်။

ထိုင်းကုန်ပစ္စည်းတွေ ဖြစ်တဲ့ လူသုံးကုန် ၊ စားသုံးကုန် ၊ အဝတ်အထည်နဲ့ ပလပ်စတစ် ပစ္စည်းတွေက အရောင်းအတော် ကျသွားတယ်လို့ မဲဆောက်က လက္ကား ကုန်သည်တွေက ပြောပါတယ်။

မြန်မာပစ္စည်းတွေ ဖြစ်တဲ့ ဆန် ၊ ငြုပ် ၊ ကြက်သွန် ၊ အာလူးနဲ့ ပဲတွေလည်း ထိုင်းဖက်ကို အများနဲ့ တင်ပို့တာတွေ လုံးဝ ရပ်ဆိုင်းနေပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံက မြန်မာရွေ့ပြောင်း အလုပ်သမားတွေ အတွက် တင်ပို့တာကတော့ စားသောက်ကုန်၊ လူသုံးကုန်နဲ့ တိုင်းရင်းဆေးဝါးတွေ လောက်ပဲ ရှိပါတယ်။

မနေ့ကတော့ ထိုင်းအထည်ရွှေ တဘတ်သားဟာ ထိုင်းဘတ် ၁၈၇၅ဝ နှုန်း ဖြစ်နေပြီး မြန်မာ ကျပ်ငွေ တရာကို ထိုင်းဘတ် ၃ဘတ် ၂၆ပြားခွဲနှုန်းနဲ့ ဈေးပိတ် သွားပါတယ်။