မြန်မာဟာ တရုတ်ရဲ့ စီးပွားရေး ကိုလိုနီနယ် တခု

  • 9 စက်တင်ဘာ 2010
Image caption ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တရုတ်ဝန်ကြီးချုပ်

တရုတ် နိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒီကနေ့ တရုတ် ဝန်ကြီးချုပ် Wen Jiabao နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

မနေ့ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တရုတ်သမ္မတ ဟူဂျင်တောင်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စီပွားရေး နဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့်ဆောင်ရွက်ဖို့ ဆန္ဒရှိတယ်ဆိုတာ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုအပေါ် ဘယ်လိုမြင်ပါသလဲလို့ သြစတြေးလျနိုင်ငံ မကွာရီတက္ကသိုလ်က စီးပွားရေးပါမောက္ခ Sean Turnell ကို မေးတဲ့အခါ တရုတ်မြန်မာ နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုကို ကြည့်ရင် အလွန့် အလွန်ကို တဘက်သတ်ကြီးဖြစ်နေပြီး တရုတ်တို့က မြန်မာနိုင်ငံက သဘာဝ အရင်းအမြစ်တွေကို သိမ်းကျုံးယူနေတာလို့ စီးပွားရေးပါမောက္ခ Sean Turnell က ပြောပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံသူတွေအတွက် မြန်မာနိုင်ငံ ဟာ ကုန်ကြမ်းပစ္စည်းတွေ အဓိက ထုတ်ယူရာ ရေနံတွင်းတွေ မိုင်းတွင်းတွေ သစ်တောကြီးတွေ စုပုံထားတဲ့ နေရာကြီးတခုသာ ဖြစ်ပြီး ကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကြီးတွေလို မြန်မာပြည်သူ လူထုအတွက် ရေရှည် အကျိုးရှိနိုင်မဲ့ လုပ်ငန်းကြီးတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှု မရှိသလောက် ပါဘဲလို့ ဆိုပါတယ်။

တကယ်တမ်းကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တရုတ်တို့ရဲ့ စီးပွားရေး နယ်ချဲ့တာခံရတဲ့ ကိုလိုနီနိုင်ငံတခုဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေးက ရတဲ့ အကျိုးအမြတ်တွေကို မြန်မာနိုင်ငံမှာ လူတစုလောက်ကဘဲ ခံစားရပြီး သာမန်မြန်မာ လူထုက ဘာမှ မခံစားရသလောက်ဘဲလို့ ပါမောက္ခ ရှောင်တာနယ်က ပြောပါတယ်။

မြန်မာစစ်အစိုးရကသာ ပိုပြီး အဆင်အခြင်ရှိတဲ့ စီးပွားရေးမူဝါဒမျိုး ချတတ်မယ်ဆိုရင် တရုတ်မြန်မာဆက်ဆံရေးကနေ အကျိုးအမြတ်ရနိုင် လိမ့်မယ်လို့ သူက ယူဆပါတယ်။

မြန်မာစစ်အစိုးရဟာ တရုတ်တို့ဆီက ဖိနှိပ်အုပ်ချုပ်မှု အာဏာရှင်ဆန်မှု စတဲ့ မကောင်းတဲ့ နမူနာကိုသာ ယူခဲ့ကြပြီး စီးပွားရေးလွတ်လပ်မှု ဆိုတဲ့ ကောင်းတဲ့ နမူနာကို မယူခဲ့ ဘူးလို့ စီးပွားရေးပါမောက္ခ Sean Turnell က ပြောပါတယ်။