နောက်ဆုံး ရေးသားချိန် 3 မတ်လ 2011 - 17:55 GMT

နယ်စပ် ပိတ်ထားတာ ခုနှစ်လ ကျော်သွားပြီ

ဒီမနက် စီးပွားရေး သတင်း မှာတော့၊ မဲဆောက်၊ မြဝတီ နယ်စပ် ကုန်သွယ်ရေး အခြေအနေကို မဲဆောက်က ဘီဘီစီ သတင်းထောက် ကိုအောင်ကျော်ဦး က ပြောပြပါမယ်။

မဲဆောက်၊ မြ၀တီ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကို မြန်မာဖက်က၊ ပိတ်ထားတာ ခုနှစ်လ ကျော်သွားတဲ့၊ အခုအချိန်မှာ၊ နှစ်နိုင်ငံ နယ်စပ်မြို့တွေ ဖြစ်တဲ့၊ မဲဆောက်နဲ့ မြ၀တီ မြို့ခံတွေကို စီးပွားရေးအရ ထင်သာ၊ မြင်သာ ရှိလောက်အောင် ထိခိုက်စေတာ တွေ့ရပါတယ်။

မြ၀တီမှာ နေထိုင်ပြီး၊ နယ်စပ် ကုန်သွယ်ရေးနဲ့ ကုန်သည် အသွားအလာပေါ် အခြေခံ လုပ်ကိုင်စား သောက်တဲ့၊ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အထဲက၊တချို့က ပြည်တွင်းကိုပြန်သွားကြသလို၊ အတော်များများ ကတော့၊ ထိုင်းဖက်ကို ပြောင်းရွှေ့ လာကြပါတယ်။

လက်ရှိနယ်စပ်ကုန်သွယ်ရေးအခြေအနေကိုကုန်သည်တယောက်ကအခုလိုပြောပါတယ်။

:(ကားလမ်းအတိုင်းပဲ၊ပေးကမ်းပြီး၊သွားကြ၊လာကြ၊အဲသလိုပဲ။ကုန်သည်တွေလည်းမကိုက်ကြ ဘူး။အောက်မှာလည်းအရောင်းအဝယ်မှမရှိကြတာ။တဆွဲတပိုးသမားတွေလောက်ပဲ၊ပေးကမ်း ပြီးသွားကြတာပဲ။အတက်ပစ္စည်းလည်း၊စားကုန်၊သောက်ကုန်၊ကြက်သွန်လေး၊ဘာလေးနည်း နည်းပါးပါးလောက်ပဲလာကြတာ။ဟိုတုံးကလိုဂိတ်တွေမှာကားအစီးလိုက်လာချတာမျိုးမရှိတော့ဘူး။) ကုန်သည်ပြောသွားတာပါ။

ထိုင်းကနေမြန်မာဖက်ကိုသွားနေတာက၊အချိုမှုန့်၊အချိုရည်၊မုန့်မျိုးစုံ၊အသီးအနှံ၊ဟင်းသီး၊ဟင်းရွက်၊ကြက်ဥ၊ဘဲဥ၊မွေးမြူရေးကြက်၊ငါးနဲ့ပုဇွန်တွေများပါတယ်။

လူသုံးကုန်တွေမှာ၊ဆိုက္ကယ်၊ဆိုက္ကယ်တာယာ၊ကားတာယာ၊အထည်လိတ်၊ရာဘာဖိနပ်နဲ့မီးဖိုချောင်သုံးလျှပ်စစ်ထမင်းအိုး၊ဒယ်အိုး၊ရေနွေးဘူးစတာတွေဖြစ်ပါတယ်။

ထိုင်းဖက်ကိုပြန်တင်ပို့လာတဲ့၊မြန်မာပစ္စည်းတွေက၊ငြုပ်၊ကြက်သွန်၊ပဲမျိုးစုံ၊ငါးခြောက်၊ပုဇွန်ခြောက်၊လဘက်ထုတ်၊ကိတ်မုန့်ခြောက်၊ယိုစုံတွေနဲ့တိုင်းရင်းဆေးဝါးတွေများပါတယ်။

အသုံးအဆောင်တွေကတော့၊ပုဆိုး၊ထမီ၊ချုပ်ပြီးသား၊ယောက်ျား၊မိန်းမအ၀တ်အထည်တွေနဲ့ ကတ္တီပါဖိနပ်၊ပုသိမ်ထီးတွေဖြစ်ပါတယ်။

ရွှေစျေးနဲ့ငွေစျေးဖက်ကိုကြည့်ရင်၊ထိုင်းအထည်ရွှေစျေးကော၊မြန်မာငွေစျေးပါတက်သွားတတွေ့ ရပါတယ်။

မနေ့ကညနေပိုင်းမှာထိုင်းအထည်ရွှေတဘတ်သားဟာ၊ထိုင်းဘတ် ၂၀၄၀၀ နှုန်းဖြစ်ပြီးတော့၊ မြန်မာငွေစျေးက၊ကျပ်တရာကိုထိုင်းဘတ် ၃ ဘတ် ၄၁ ပြားနှုန်းနဲ့စျေးပိတ်သွားပါတယ်။ခင်ဗျ

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။