ကုန်စည် စီးဆင်းမှု ချောမွေ့နေ

  • 11 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် bbc burmese
Image caption ကုန်စည် စီးဆင်းမှု အတော်လေး ကောင်းနေ

လက်ရှိ ထိုင်း၊ မြန်မာနယ်စပ် ကုန်သွယ်ရေး အခြေအနေကို တင်ပြရမယ် ဆိုရင် မဲဆောက်၊ မြဝတီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ကနေ၊ ထိုင်း ကုန်ပစ္စည်းတွေကော၊ မြန်မာ ကုန်ပစ္စည်း တွေပါ အပြန်အလှန် ကုန်စည် စီးဆင်းမှု အတော်လေး ကောင်းနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဒါကလည်း မြန်မာနိုင်ငံ ထဲက လူထုတွေ ချောင်လည်ရအောင်၊ မြန်မာ အာဏာပိုင် တွေက လျှော့ပေါ့ပြီး ကိုင်တွယ် တာကြောင့် ဖြစ်တယ်လို့ ကုန်သည် တယောက်က ပြောပါတယ်။

အဓိက ဆင်းနေတဲ့ ကုန်တွေက အချိုရည်နဲ့ ဘီယာ၊ ကားတာယာ၊ ကားကျွတ်၊ နောက်ပြီးတော့ ပတ္တူတို့ သံပြားတို့၊ ဟင်းဂရိုင်းတို့၊ ကော်စေ့တွေ ဖြစ်သလို ဂျူတီတဝက်ဆောင်၊ တဝက်ခိုးပြီးပဲ ဆင်း ဆင်း ဘာမှ အရေးယူတာ မလုပ်ဘူးလို့ ကုန်သည်က ဆိုပါတယ်။

ထိုင်းက၊ အိမ်သုံး လျှပ်စစ်ပစ္စည်းတွေ ဖြစ်တဲ့၊ တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ထမင်းပေါင်းအိုး၊ ဒယ်အိုး၊ ရေနွေးဘူးတွေလည်း မြန်မာဖက်ကို၊ ကားတွေ စင်းလုံး ပြည့်သွားနေတာ တွေ့ရပါတယ်။

တခြား ပစ္စည်းတွေက၊ အထည်အလိတ်တွေ၊ ကျား၊မ အ၀တ်အထည်တွေ၊ ကီလိုချိန်နဲ့ ရောင်းတဲ့ပိတ်စ တွေနဲ့ စားသောက်ကုန်တွေ၊ အိမ်သုံး ဆေးဝါးတွေ ဖြစ်ပါတယ်။

ဂျပန်ကျ တပတ်ရစ်ကား တွေကို မြန်မာဖက်က တင်သွင်းခွင့် မပေးတော့ တာကြောင့်၊ ကားကုန်သည်တွေဟာ၊ ကားတွေကို ဖြတ်တောက်ပြီးတော့၊ ကားအပိုပစ္စည်း အနေနဲ့ ရန်ကုန် စျေးကွက် ကို အရှုံးခံပြီး တင်ပို့ နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာနိုင်ငံ ကနေ ထိုင်းဖက်ကို ပြန်ပြီး တင်ပို့လာတာ တွေက၊ ပုဇွန်ထုတ်၊ ဂဏာန်းတွေ အပြင်၊ ဆန်၊ပဲ မျိုးစုံ၊ ငရုတ်၊ ကြက်သွန်တွေရယ်၊ ငပိ၊ငံပြာရည်၊ ဖယောင်းတိုင်၊ အမွှေးတိုင် စတာတွေနဲ့ ချုပ်ပြီးသား၊ ကျား၊မ အဝတ်အထည် တွေကို တွေ့ရပါတယ်။

ထိုင်းအထည်ရွှေ တဘတ်သားဟာ၊ ထိုင်းဘတ် ၂၄၄၀၀ နှုန်းဖြစ်ပြီးတော့၊ မြန်မာငွေစျေးက၊ ကျပ်တရာကို ထိုင်းဘတ် ၃ ဘတ် ၈၉ ပြား စျေးပေါက်နေပါတယ်။